Wednesday, October 21, 2015

NLD ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းသို့ မဲဆွယ်စည်းရုံးရန် ရောက်ရှိ


သွားရေးလာရေး အခက်အခဲကြောင့် မဲဆွယ်စည်းရုံး ခွင့်ပြုရက်ပေါင်း ၄၀ ကျော် ကြာမြင့်လာချိန်အထိ သွားရောက်နိုင်ခြင်း မရှိသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားလှယ်လောင်းများဟာ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၆ နာရီမှာတော့ ကိုကိုးကျွန်းသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားတဲ့ The Voice သတင်းထောက်က သတင်းပေးပို့ပါတယ်။ညနေပိုင်းမှာတော့ ကိုကိုးကျွန်းမြို့နယ် အမှတ် (၂) ရပ်ကွက်မှာ ဒေသခံတွေကို တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှု စတင်ပြုလုပ်မယ်လို့ NLD ပါတီထံမှ သိရပါတယ်။

NLD ပါတီမှ ကိုကိုးကျွန်းမှာ ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် (၁) ကိုယ်စားလှယ်လောင်း ဦးကျော်သူနဲ့ တိုင်ဒေသကြီးလွှတ်တော် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ်လောင်း ဦးဝင်းကိုကိုဝင်းတို့ အပါအဝင် NLD အောင်နိုင်ရေးအဖွဲ့ဝင် ၁၁ ဦးဟာ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်မှာ သူရီယစန္ဒာဝင်း ကုမ္ပဏီပိုင် ‘CHARITES’ သင်္ဘောနဲ့ ကိုကိုးကျွန်းသို့ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ကိုကိုးကျွန်းမှာ မဲဆွယ်စည်းရုံးဖို့ ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုချက်ပေးပေမယ့် သွားလာဖို့အတွက် သင်္ဘောနဲ့ တပ်မတော်လေယာဉ်တို့ကို အသုံးပြုခွင့် မရရှိခဲ့တာကြောင့် မဲဆွယ်စည်းရုံးရေးသွားဖို့ ကြံ့ကြာနေတာ ဖြစ်ပါတယ်။

အဲ့ဒီ ကိုကိုးကျွန်းမှာ NLD ပါတီနဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးတင်ဝင်းတို့ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာကတည်းက မဲဆွယ်စည်းရုံးရေးတွေကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။


The Voice Weekly

0 comments:

Post a Comment