Friday, October 16, 2015

KTV တွင် အချင်းများသူများကို တားဆီးသည့် စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရိုက်နှက်ခံရ


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ Galaxy KTV တွင် အချင်းများနေသည့် ကျေးရွာအထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စာရေးနှင့် သူငယ်ချင်း(၃)ဦးအား လာရောက်တားဆီးသည့် ချောင်းသာ ရဲစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင် (၂) ဦးကို ရိုက်နှက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ရွှေသောင်ယံမြို့နယ်ခွဲ၊ သဲကုန်းကျေးရွာအုပ်ချုပ်ရေးမှုးရုံးမှစာရေးနှင့် သူငယ်ချင်း(၃)ဦးမှာ အောက်တိုဘာ (၁၄)ရက်ညပိုင်းတွင် Galaxy KTV ၌ သီချင်းဆိုနေကြစဉ် မိုက်မကောင်းသဖြင့် အချင်းများနေကြရာ ဆိုင်မှ တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်တားဆီးသည်ကို ၎င်းတို့ (၄)ဦးက ပြန်လည် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ချောင်းသာရဲစခန်းမှ သိရသည်။

အချင်းများနေသည့်လေးဦးက လာရောက်ဖမ်းဆီးသည့်ရဲတပ်ဖွဲ့ဝင်များအား “မင်းတို့လို (၁) ပွင့် (၂) ပွင့် လောက်က ငါတို့ကို လာတား စရာလား။ ဖြုတ်ချပစ်လိုက်မယ်”ဟုပြောဆိုကာ ရဲတပ်ဖွဲ့ဝင်များ ကိုင် ဆောင်လာသည့် ကျင်စက်တုတ်အား လုယူကာ ပြန်လည်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်းချောင်းသာ ကျေးရွာ အုပ်ချုပ် ရေးမှုးရုံးမှ သိရသည်။

အခင်းဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူဟုယူဆရသူ(၄)ဦးစလုံးကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပြီး ပုသိမ်မြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။“အခုတော့သူ (၄) ယောက်စလုံးကို ပြည်သူ့ဝန်ထမ်းကို အပြင်းအထန်နာကျင်စေမှုနဲ့ ပုသိမ်မြို့နယ် တရားရုံးမှာ ရမာန်ယူပြီး စခန်းမှာချုပ်ထားပါတယ်။” ဟု ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ် ဇော်မင်းထွန်းက ပြောသည်။

အခင်းဖြစ်ပွားမှုကြောင့် ချောင်းသာရဲစခန်းမှုး ဦးအုန်းကျော်မှာ လက်အရိုးကွဲဒဏ်ရာ၊ နယ်ထိန်းဖြစ်သူနှင့် အမှုစစ်ရဲအရာရှိတို့မှာ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာများဖြင့် ရွှေသောင်ယံဆေးရုံတွင် တက်ရောက်ကုသမှု ခံယူ နေရကြောင်း ချောင်းသာရဲစခန်းမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များကို ရိုက်နှက်ခဲ့သူဟု ယူဆရသူ ဖြိုးဇင်ထွန်း၊ ဘိုဘိုစံ၊ ရဲလင်း အောင်နှင့် အောင်မိုးတို့ (၄)ဦးအား ချောင်းသာရဲစခန်းတွင် (ပ)၆၉/၂၀၁၅ ၊ ပြည်သူ့ဝန်ထမ်းကို အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၃၃ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ချောင်းသာကမ်းခြေတွင် KTV လိုင်စင်ရထားသည့် ဆိုင် (၅) ဆိုင်ရှိပြီး တရားမဝင်အနှိပ်ခန်း (၄) ခုရှိကြောင်း ချောင်းသာကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

မျိုးမင်းထွန်း(မြစ်မခ)
http://myitmakhamediagroup.com/

0 comments:

Post a Comment