Friday, October 16, 2015

လွှတ်တော် လစာတစ်ဝက် မဲဆန္ဒရှင်များကို ပြန်လည် လှူဒါန်းမည်ဟုဆို

လာမည့် ရွေးကောက်ပွဲတွင် ရွေးချယ်ခံရပြီး လွှတ်တော်သို့ ရောက်ရှိသွားပါက ရသည့်လစာတစ်ဝက်ကို မဲဆန္ဒရှင်များအတွက် ပြန်လည် လှူဒါန်းသွားမည်ဟု အမျိုးသား တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းများက ပြောကြားလိုက်သည်။ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း လေးဦးက ပုသိမ်မြို့ ကျောက်ပန်းကုန်းကျေးရွာ မဲဆွယ်စည်းရုံးမှု ခရီးစဉ်အတွင်း မီဒီယာများကို အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ဒီလူတွေအကုန်လုံး တိုင်ပင်ထားတာရှိတယ်။ ဒီလူတွေအကုန်လုံး လွှတ်တော်ထဲ ရောက်သွားလို့ရှိရင် လွှတ်တော်ထဲမှာ ရရှိမယ့် အကျိုးခံစားခွင့်တွေ အကုန်လုံးကို ပြည်သူတွေကို ပြန်လည်ပြီး အကူညီပေးနိုင်ဖို့အတွက် တိုင်ပင်ထားတယ်။ တကယ်လို့သာ အမတ်ဖြစ်ခဲ့လို့ ရှိရင်လည်း ရရှိမယ့် လစာထဲက တစ်ဝက်ကို ပုသိမ်မြို့မှာရှိတဲ့ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး စောင့်ရှောက်မှုတွေမှာ ပြန်လည် လှူဒါန်းမယ်လို့ သန္နိဋ္ဌာန်ချထားတယ်”ဟု အမျိုးသား တိုးတက်ရေးပါတီ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ခင်စန်းဝေက ပြောသည်။

ပုသိမ်မဲဆန္ဒနယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း လေးဦးစလုံးသည် တရားလွှတ်တော် ရှေ့နေများ ဖြစ်သည်။ မျိုးစောင့် ဥပဒေနှင့် တရားဥပဒေ စိုးမိုးရေးသည် ဆက်စပ်နေပြီး လွှတ်တော်တွင်းသို့ ရောက်ရှိသွားပါက မျိုးစောင့်ဥပဒေကို ကန့်ကွက်သူများ ပြင်ဆင်မှုများ တင်သွင်းလာပါကလည်း ကန့် ကွက်သွားမည်ဟု ဒေါ်ခင်စန်းဝေက ဆိုသည်။


“မျိုးစောင့် ဥပဒေနဲ့ တရားဥပဒေ စိုးမိုးရေးကတော့ ဆက်စပ်နေတယ်။ အမျိုး ဘာသာသာသနာကို လေးစားလိုက်နာရင် ယဉ်ကျေးလိမ္မာကြမယ်။ ယဉ်ကျေးလိမ္မာကြရင် မင်းမဲ့စရိုက်ဆန်ဆန် လုပ်တာတွေ၊ ခိုက်ရန် ဒေါသတွေလည်း ရှိတော့မှာ မဟုတ်ဘူး။ ဘာပဲပြောပြော ပြစ်မှုတွေလည်း လျော့နည်းလာမယ်။ ဒီနှစ်ခုက ခွဲခြားလို့တော့မရဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အောင်မြင်ရန် (၇၀) ရာခိုင်နှုန်းအထိ မျှော်မှန်းထားကြသည်။အမျိုးသား တိုးတက်ရေးပါတီကို သမ္မတ အကြံပေးဟောင်း ဒေါက်တာနေဇင်လတ်က ဖွဲ့စည်းထားပြီး ပြီးခဲ့သည့် ဇူလိုင်လ (၉) ရက်နေ့၌ တရားဝင် ပါတီမှတ်ပုံတင် ရရှိထားသော ပါတီတစ်ခုလည်း ဖြစ်သည်။လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း (၃၅၄)ဦး ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

Messenger News Journal

0 comments:

Post a Comment