ခွင့်ပြုချက်မရှိသော သတင်းအချက်အလက်များကို ထုတ်ဖော်ဖွင့်ဟမှုဖြင့် ဗြိတိန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Gavin Williamson အား ဝန်ကြီးချုပ်က ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်တော်က မေ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ်အိမ်တော်ပြောရေးဆိုခွင့်ရှိသူက “ ဒီနေ့ ညနေပိုင်းမှာ ဝန်ကြီးချုပ်က Gavin Williamson အား ခေါ်တွေ့ ပြီး သူ့ ကို အစိုးရအဖွဲ့ ဝင်ဝန်ကြီးတစ်ဦးအနေနဲ့ ရော ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေနဲ့ ပါ ယုံကြည်လို့ မရတော့လို့ အစိုးရအဖွဲ့ မှ နုတ်ထွက်သွားဖို့  ပြောခဲ့တယ်။” ဟု ပြောကြားခဲ့သည်။
“ ဗြိတိန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးက ခွင့်ပြုချက်မရှိတဲ့ သတင်းအချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ Williamson ရဲ့လုပ်ရပ်တွေကြောင့် ဝန်ကြီးချုပ်က ဒီလိုဆုံးဖြတ်ချက်ချလိုက်တာပါ။ အဲဒီကိစ္စအပေါ် အနီးကပ်စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်းမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ အမျိုးသားလုံခြုံရေးကောင်စီအဖွဲ့ ဝင်အားလုံးကို ဝန်ကြီးချုပ်က ကျေးဇူးတင်ပါတယ်” ဟု ၄င်းက ဆိုသည်။
Williamson သည် ကာကွယ်ရေးဝန်ကြီး Michael Fallon ရုတ်တရက် ရာထူးမှ အနားယူခဲ့သည့် ၂ဝ၁၇ ခုနှစ်မှ စတင်ကာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။
ဗြိတိန်အစိုးရသည် Williamson ၏ နေရာတွင် Penny Mordaunt အား ကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့် အပ်ခဲ့သည်။ ၄င်းသည် ယခင်က နိုင်ငံတကာဖွံ့ ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဗြိတိန်သတင်းဌာနများက Mordaunt သည် နိုင်ငံ၏ ပထမဆုံးအမျိုးသမီးကာကွယ်ရေးဝန်ကြီးဖြစ်လာမည်ဖြစ်ကြောင်း နှင့် ၄င်း၏ နိုင်ငံတကာဖွံ့ ဖြိုးရေးဝန်ကြီးရာထူးအား လက်ရှိ တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် Rory Stewart က ဆက်ခံသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။
ပုံစာ- ရာထူးမှထုတ်ပယ်ခံရသော ဗြိတိန်ကာကွယ်ရေးဝန်ကြီး Gavin Williamson အားတွေ့ ရစဉ်(ဆင်ဟွာ)
(Xinhua)
0 comments:
Post a Comment