အန္တရာယ်ရှိ ကျောက်စိမ်းလုပ်ကွက်များကို ရပ်ဆိုင်းမှုတွေ ဆက်လက်လုပ်ဆောင်နေကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောကြားသည်။
လက်ရှိတွင် ဧပြီ ၂၂ ရက်နောက်ပိုင်း လူပေါင်း ၅၉ ဦး ကျောက်စိမ်းလုပ်ကွက်များအတွင်း အသက်ဆုံးရှုံးခဲ့ပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးပြီးနောက် လုပ်ကွက်ပေါင်း ၁၇ ခု၊ ကုမ္ပဏီပေါင်း ၁၁ ခုကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက “လုပ်ကွက်တွေက ရပ်ခိုင်းဖို့က ပြည်ထောင်စုကို တင်စရာ မလိုဘူး။ အန္တရာယ်ရှိနိုင်တဲ့ အခြေအနေဆိုရင် ရပ်ဆိုင်းခိုင်းပြီး အန္တရာယ်ရဲ့ ဖြစ်နိုင်တဲ့ကိစ္စကို မဖြစ်အောင်လုပ်ဖို့ ကုမ္ပဏီတွေကို ညွှန်ကြားတယ်။ အခုလည်း မြေစာပုံ စောင့်ကြည့်ရေး ကော်မတီအဖွဲ့တွေ၊ လုပ်ငန်းခွင် စောင့်ကြည့်တဲ့ အဖွဲ့တွေရှိတယ်။ ကျွန်တော့်ဆီကို အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားဆိုရင် ဖုန်းနှင့် ချက်ချင်းပဲ တာဝန်ရှိသူတွေကို ကွင်းဆင်းခိုင်းတယ်။ လုပ်ငန်းရပ်ဆိုင်းသင့်ရင် ရပ်ဆိုင်းပဲ။ လုပ်ငန်းခွင် လုံခြုံရေးက အဓိက၊ လုံခြုံတဲ့ အခြေအနေရောက်မှ လုပ်ငန်းခွင်ဆင်းကြဖို့ ညွှန်ကြားတယ်။ လက်ရှိမှာ ကုမ္ပဏီ ၁၁ ခု၊ လုပ်ကွက် ၁၇ ကွက်ရှိတယ်။ မိုးရာသီမှာလည်း လုပ်ငန်းခွင်အများစုက နားကြတယ်။ အန္တရာယ်ရှိရင်တော့ မလုပ်ဖို့လုပ်ရမှာပဲ” ဟု ပြောကြားသည်။
ဖားကန့်ဒေသခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးချို (ခ) ဦးခင်မောင်မြင့်က “လာမယ့်မိုးရာသီမှာလည်း အန္တရာယ်ရှိနိုင်တဲ့ လုပ်ကွက်တွေ အများကြီး ရှိနေတယ်။ လုပ်ရင်တော့ အချိန်မီ ရပ်ဆိုင်းနိုင်အောင် ကြိုးစားသွားမယ်” ဟု ပြောကြားသည်။
ဖားကန့်ဒေသတွင် မြေပြိုကျမှု၊ နွံကန်ပေါက်ကျမှုကြောင့် ဧပြီ ၂၂ ရက်မှ ဧပြီ ၂၅ ရက်အထိ လေးရက်ဆက်တိုက် မြေပြိုမှုများ၊ နွံကန်ပေါက်ကြမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၅၉ ဦးသေဆုံးခဲ့ကြောင်း၊ ယန္တရားတန်ဖိုး သိန်းပေါင်းသောင်းနှင့်ချီကာ ဆုံးရှုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ သေဆုံးသူ ကုမ္ပဏီဝန်ထမ်းများကို တစ်ဦးလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် သေဆုံးသူပေါင်း ၅၅ ဦးအတွက် ကျပ်သိန်းပေါင်း ၁၆၅၀၀ သိန်းကို နစ်နာကြေး ပေးအပ်ခဲ့သည်။
Eleven Media Group
0 comments:
Post a Comment