Tuesday, May 28, 2019

အစာအိမ်အတွင်း ကိုကင်းထုတ်တွေ မျိုချသယ်ဆောင်လာတဲ့ ဂျပန်အမျိုးသား လေယာဉ်ပေါ်မှာ သေဆုံး


အစာအိမ်အတွင်း ကိုကင်းမူးယစ်ဆေးဝါး ၂၄၆ ထုပ် မျိုချသယ်ဆောင်လာတဲ့ ဂျပန်အမျိုးသား တစ်ဦးဟာ ကိုလံဘီယာမြို့တော် ဘိုဂိုတာကနေ တိုကျိုမြို့ကို ပျံသန်းနေတဲ့ လေယာဉ်ပေါ်လိုက်ပါလာစဉ် သေဆုံးသွားခဲ့ကြောင်း ယင်း လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ မက္ကဆီမြောက်ပိုင်းဒေသ အာဏာပိုင်တွေက မေ ၂၇ ရက်နေ့ မှာ ပြောဆိုပါတယ်။ 
ယူဒို အန် လို့ သာ အမည်နာမသိရတဲ့ အသက် ၄၂ နှစ်အရွယ် ယင်း အမျိုးသားဟာ ကိုလံဘီယာ ကနေ ခရီးသည်တင်လေယာဉ်တစ်စင်းနဲ့ လိုက်ပါလာပြီး မက္ကဆီကိုစီတီးမှာ လေယာဉ် တစ်ထောက်နားခဲ့ချိန် မူးယစ်ဆေးတွေကို စတင် မျိုချခဲ့တဲ့ဖြစ်ကြောင်း ဆိုနိုရာပြည်နယ် ရှေ့ နေရုံးက ထုတ်ပြန်ခဲ့ပါတယ်။ လေယာဉ်မယ်တွေက ခရီးသည် အမျိုးသားတစ်ဦး တုန်တုန်ယင်ယင်ဖြစ်ကာ အကြောဆွဲနေတာကို သတိထား ခဲ့မိတာကြောင့် ဆိုနိုရာပြည်နယ် ဟာမိုဆဲလ်လို လေယာဉ်ကွင်းမှာ အရေးပေါ် ဆင်းသက်ခွင့်ပြုဖို့  တောင်းဆို ခဲ့ကြတာပါ။ 

“သောကြာနေ့  ၂ နာရီ ၂၅ မိနစ်လောက်မှာ လေယာဉ်ဆင်းသက်ခဲ့ပြီး လေယာဉ်ပေါ် ဆေးဘက်ဝန်ထမ်းတွေ တက်ရောက်စမ်းသပ်ခဲ့ရာမှာ ယူဒို အန် သေဆုံးနေခဲ့ပြီလို့  ပြောဆိုခဲ့ကြပါတယ်”လို့  ရှေ့ နေရုံးက ဆိုပါတယ်။ အလောင်းခွဲစိတ်စစ်ဆေးမှုအရ အမျိုးသားရဲ့  အစာအိမ်အတွင်းကနေ ၂.၅ စင်တီမီတာ နဲ့ ၁ စင်တီမီတာ အသီးသီးရှိတဲ့ ကိုကင်းအထုပ်ငယ် ၂၄၆ ထုပ် မျိုချထားတာတွေ့ ရကြောင်း၊ ၄င်း သေဆုံးရတဲ့ အကြောင်းရင်းဟာ ဆေးလွန်မှုဖြစ်ကာ ဦးနှောက်ရောင်ရမ်းပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရှေ့ နေတွေက ပြောဆိုပါတယ်။ 
ဂျပန်အမျိုးသားရဲ့အလောင်းကို လေယာဉ်ပေါ်က ချကာ နိုင်ငံတကာ လုပ်ထုံးအရ ဆက်လက် လုပ်ဆောင်ခဲ့ပြီး အခြားခရီးသည် ၁၉၈ ဦးပါ လေယာဉ်ခရီးစဉ်ကိုတော့ ဂျပန်နိုင်ငံကို ဆက်လက်ပျံသန်း စေခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 
လူ့ ခန္ဓာကိုယ်အတွင်း မျိုချကာ မူးယစ်ဆေးဝါး သယ်ဆောင်မှုဟာ မူးယစ်ဆေးဝါးဂိုဏ်းတွေ ကျယ်ကျယ်ပြန့် ပြန့်  အသုံးပြုနေကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

Ref : The Guardian Weekly
ကိုလင်း (အကုန်သိ သတင်းဌာန) 

0 comments:

Post a Comment