Tuesday, May 28, 2019

ပုဂံရှိ ဘုရားသုံးဆူဘုရား မြေအောက်အနေအထားကို ရေဒါဖြင့် တိုင်းတာ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားသုံးဆူဘုရား၏ မြေအောက်အနေအထားကို ရေဒါဖြင့်တိုင်းတာခြင်းလုပ်ငန်းများကို ကိုရီးယားနိုင်ငံမှ ပညာရှင်များက မေလ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)ထံမှ သိရသည်။ 
ဘုရားသုံးဆူအနီး ပတ်ဝန်းကျင်ရှိ စမ်းသပ်နေရာ (၄) နေရာ၌ သတ်မှတ်ပြုလုပ်နေပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ပူးပေါင်းအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကိုရီးယားနိုင်ငံ Korea Cultural Heritage Foundation(KCHF) က ပြုလုပ်နေခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။ 

ယင်းသို့ရေဒါတိုင်းတာခြင်းဖြင့် မြေသား၏ ငလျင်ဒဏ်ခံနိုင်မှု အခြေအနေ၊ မြေသား၏ သဲဆန်မှု၊ ပျော့ပျောင်းမှု၊ မာကျောမှုစသော အခြေအနေ၊ အဆောက်အအုံအနီး ပတ်ဝန်းကျင်တွင် မြေအောက်ရေတည်ရှိမှု အခြေအနေတို့ကို သိရှိနိုင်မည့်အပြင် မြေအောက်တွင် ရှေးဟောင်း အဆောက်အအုံ အကြွင်းအကျန်များ ရှိ မရှိ ဆိုသည်များကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

KCHF သည် ပုဂံဒေသ မင်းနန်သူကျေးရွာရှိ ဘုရားသုံးဆူဘုရားအမှတ် ၄၇၇၊ ၄၇၈၊ ၄၇၉ တို့တွင် နံရံပန်းချီပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။ 

The Voice 

0 comments:

Post a Comment