Tuesday, May 28, 2019

တတိယတန်းစနစ်သစ်သင်ရိုးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့် အကြောင်းများ ပါဝင်မည်

တတိယတန်းစနစ်သစ်သင်ရိုးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်း များပါဝင်မည်ဖြစ်ပြီး ကလေးငယ်များအတွက် လိုအပ်နေသောသင်ခန်းစာများဖြစ်ဟု ဆရာ/ဆရာမများ ပြောကြားသည်။ 
အဆိုပါ တတိယတန်းသင်ရိုးသစ် လူမှုရေးဘာသာရပ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းစဉ်ဖြင့် သင်ခန်းစာ၊ ငြိမ်းချမ်းရေးဗိသုကာ ဦသန့်ခေါင်းစဉ်ဖြင့် သင်ခန်းစာတို့ပါဝင်လာမည်ဖြစ်ကာ ကလေးများ နားလည်စေရန် ရုပ်ပုံများဖြင့် သင်ကြားမည့် အတ္ထုပ္ပတ္တိအကြောင်း အရာဖြစ်ကြောင်း သိရသည်။ 
“ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနဲ့ ဦးသန့်အကြောင်းပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဗိသုကာ၊ ဦးသန့်ကို ငြိမ်းချမ်းရေးဗိသုကာလို့ပဲ သုံးပါတယ်။ ဒီနှစ်ယောက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ အရမ်းကိုလေးစားရမယ့် ခေါင်းဆောင်တွေပါပဲ။ အထူးခြားဆုံးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက အရင်တုန်းကလေးတန်းလောက်မှာ သင်ဖူးတယ်။သုံးတန်းလောက်မှာက ကဗျာလေးတွေပေါ့။ ဦးသန့်အကြောင်းကတော့ သင်ရိုးသစ်မှာပထမဆုံးဖော်ပြခံရတဲ့ အတ္ထုပ္ပတ္တိပါပဲ။ ဆရာမင်းသုဝဏ်ကဗျာ လေးလိုပေါ့။ မြန်မာနိုင်ငံက လယ်စောင့်တဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ကြာနီ၊ဦးသန့်ကတော့ ကြာဖြူတစ်ပွင့်ဖြစ်ပါမယ်လို့ဒီလို ခံစားမိတယ်။ ဒီသင်ရိုးသစ်ဟာ ကလေးတွေအတွက် အင်မတန်ကောင်းတယ် အင်မတန်လေးစားလောက်သူတွေရဲ့ အတ္ထုပ္ပတ္တိကို ဖတ်ချင်စဖွယ်ရုပ်ပုံတွေနဲ့ ငယ်ဘဝနေပြီးတော့ ရုပ်ပုံတွေနဲ့ ဖော်ပြထားတယ်” ဟု ပြည်မြို့နယ် ဒုတိယပညာရေးမှူးဦးအေးလွင်က ပြောကြားသည်။ 
ယင်းသင်ရိုးသစ်တွင် ဘာသာရပ် (၁၀) ခုပါဝင်မည်ဖြစ်ကာ အားလုံးမှာ သင်ရိုးဝင်ဘာသာရပ်များအဖြစ် မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်များအဖြစ် ဆရာ/ဆရာမများက စောင့်ကြည့်ကာအကဲဖြတ်ပေးနေရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

Eleven Media Group

0 comments:

Post a Comment