Tuesday, May 28, 2019

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် လမ်းကြုံလိုက်ပါလာသည့် မိသားစု သုံးဦးအနက် ဖခင်ဖြစ်သူအား ကားပေါ်ပါ လူတစ်စုက ဓားဖြင့်ထိုးပြီး ရွှေနှင့်ငွေများ လုယက်မှုဖြစ်ပွား


လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရှိ ဒေါ်ဖွားရှင်လမ်းတွင် မိသားစု သုံးဦးအနက် ဖခင်ဖြစ်သူအား လူတစ်စုက ဓားဖြင့်ထိုးပြီး ရွှေနှင့်ငွေများ လုယက်မှု မေ ၂၈ ရက်က ဖြစ်ပွားခဲ့သည်။ 
မေ ၂၈ ရက် နံနက် ၄ နာရီကျော်ခန့်တွင် ရွှေပြည်သာမြို့နယ်နေ ဦး....(၅၄ နှစ်) သည် ဇနီးနှင့် ကလေး ဖြစ်သူတို့နှင့်အတူ ရွှေပြည်သာမှ အဝေးပြေးသို့သွားရန် နေအိမ်မှ ထွက်လာစဉ် ယာဉ်တစ်စီးမှ လမ်းကြုံသဖြင့် လိုက်မလားဟု မေးမြန်းရာ ၎င်းတို့က လိုက်သွားခဲ့ကြောင်း သိရသည်။ 
ယင်းသို့လိုက်လာစဉ် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရှိ ဒေါ်ဖွားရှင်လမ်းသို့ အရောက်တွင် ယာဉ်ပေါ်တွင် ပါလာသည့် လူခြောက်ဦးခန့်က ဓားများဖြင့် ဦး....(၅၄ နှစ်) တို့ မိသားစုအား ခြိမ်းခြောက်ပြီး ဦး....(၅၄နှစ်) အား ဓားဖြင့်ထိုးကာ ရွှေနှင့် ငွေများကို လုယက်ပြီး ယာဉ်အားမောင်းကာ ထွက်ပြေးခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရကြောင်း မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ သိရသည်။ 
ဓားဖြင့် အထိုးခံရသဖြင့် ဦး.... (၅၄ နှစ်) မှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ဝဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာနှင့် ယာလက်ဖျံ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး လှိုင်သာယာဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ အခင်းဖြစ်ပွားသည့် နေရာမှာ စက်မှုဇုန်အတွင်း ဖြစ်သည့်အတွက် စက်ရုံများသာရှိပြီး လူနေနည်းကြောင်း သိရသည်။ 
“ဖြစ်သွားတာက မနက် ၅ နာရီလောက်ကပါ။ စစဖြစ်တော့ ကယ်ကြပါဦး၊ ပစ္စည်းတွေကို ယူသွားပါ။ ကျွန်မယောက်ျားကို ဘာမှမလုပ်ပါနဲ့လို့ အော်သံကို အရင်ကြားရတာ။ ပြီးတော့ လမ်းတစ်လျှောက်အော်ပြီး အကူအညီ တောင်းနေတယ်။ အဲဒီအချိန်မှာ ကျွန်မတို့လည်း အရမ်းကြောက်နေလို့ အပြင်ကို ထွက်မကြည့်ရဲဘူး။ နောက်မှထွက်ကြည့်တော့ ဓားထိုးခံထားရတဲ့ အမျိုးသားက တစ်ဦး၊ ၅ တန်း ၆ တန်းအရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို တွေ့တယ်။ ဖြစ်တဲ့အချိန်ကလည်း အဲဒီနေရာမှာ အရမ်းလည်း မှောင်တယ်။ လူလည်းပြတ်တယ်။ ဓားထိုးခံရတဲ့သူရဲ့မိန်းမ ပြောတာကတော့ သူတို့က ရွှေပြည်သာကနေ အဝေးပြေးကို သွားမလို့ဆိုပြီး လာတာ။ အဲဒီမှာ အဝေးပြေးသွားမလို့ လိုက်လို့ရတယ်ခေါ်လို့ ကားတစ်စီးနဲ့ လိုက်လာတာလို့တော့ ပြောတယ်။ လမ်းရောက်တော့ ကားပေါ်ပါလာတဲ့ အမျိုးသား ခြောက်ဦးလောက်က ဓားတွေနဲ့ ပါလာတဲ့ပစ္စည်းကို လုဖို့လုပ်တာလို့ ဓားထိုးခံရတဲ့သူရဲ့ မိန်းမကပြောတယ်။ ဖြစ်ဖြစ်ပြီးချင်း ခဏကြာတော့ ရပ်ကွက်က တာဝန်ရှိသူတွေနဲ့ လူနာတင်ယာဉ် ရောက်လာတယ်။ နာရီဝက်လောက်ကြာတော့ ရဲတွေရောက်လာတယ်” ဟု အခင်းဖြစ်ပွားရာအနီးနေသူ တစ်ဦးက ပြောကြားသည်။ 
အဆိုပါ ဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်ထားပြီး ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။                               

Eleven Media Group 

0 comments:

Post a Comment