ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှ ခူမီးတိုင်းရင်းသား ၅၂ ဦးကို အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ပြန်လွှတ်ပေးရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC)က ဧပြီ ၂၈ ရက်တွင် ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။
ယင်းထုတ်ပြန်ချက်၌ ပြီးခဲ့သည့် ၂၀၁၉ဖေဖော်ဝါရီ ၂ ရက်တွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းတလင်းကျေးရွာမှ ခူမီးတိုင်းရင်းသား၅၄ ဦးအား အေအေလက်နက်ကိုင်အဖွဲ့ကဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ၎င်းတို့စခန်းချရာနေရာသို့ကာယကံရှင်တို့၏သဘောဆန္ဒမပါဘဲ ခေါ်ဆောင်သွားခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ထုတ်ပြန်ချက်အပါအဝင် မိမိတို့စုံစမ်းလေ့လာချက်များအရယင်းတို့အား အေအေအဖွဲ့က တစ်ဖက်သတ်ခေါ်ဆောင်သွားခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၅၄ ဦးအနက် နှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီးကျန်ရှိသူ ကျား၊ မ ၅၂ဦး သည် အေအေစခန်းချရာနေရာတွင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကာအေအေလက်နက်ကိုင်အဖွဲ့၏ စေခိုင်းသည့်အလုပ်များကို လုပ်ကိုင်ပေးလျက်ရှိကြောင်းအစာရေစာများကိုလည်း မလုံမလောက်သာစားသောက်ရပြီး ယခုအခါတွင် ၎င်းတို့အားခေါ်ယူထားသည်မှာ သုံးလနီးပါးရှိလာပြီးဖြစ်သကဲ့သို့ ၎င်းတို့၏မိသားစုဝင်များကလည်း များစွာစိတ်ပူပင်သောကရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ကြောင့် အေအေအဖွဲ့အနေဖြင့်ကာယကံရှင်တို့၏ ဆန္ဒသဘောထားမပါဘဲခေါ်ဆောင်ခဲ့သည့် ကင်းတလင်းကျေးရွာသားခူမီးချင်းလူမျိုး၅၂ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အလေးအနက်တောင်းဆိုလိုက်ကြောင်း၊ချင်းပြည်နယ် အစိုးရအပါအဝင် နိုင်ငံရေး၊ လူမှုရေးနှင့်ဘာသာရေးအဖွဲ့အစည်းများကလည်း ၎င်း ခူမီးချင်းတိုင်းရင်းသား ၅၂ ဦး ပြန်လည်လွတ်မြောက်နိုင်ရေးအတွက် လိုအပ်သလို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနိုင်ရန် အလေးအနက်မေတ္တာရပ်ခံပန်ကြားအပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းထုတ်ပြန်ချက်နှင့် ပတ်သက် ၍ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစည်းညှိနှိုင်းရေး ကောင်စီ ညှိနှိုင်းရေးမှူး ဦးစောမြက"ကျွန်တော်တို့ကတော့ ပြန်လွှတ်ပေးဖို့ ပါပဲ။ တခြားဟာတော့ မရှိပါဘူး။ ဒါနဲ့ပတ်သက်ပြီး ချင်းပြည်နယ် အစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တင်ပြထားတာရှိတယ်။ အခုက ဖမ်းထားတာ သုံးလလည်းပြည့်တော့မယ်လေ။ အဲဒီအခြေအနေတွေကို သိရတာလည်း အဲဒီကနေ ထွက်ပြေးလာတဲံ နှစ်ယောက်ရဲ့ ပြောပြချက်အရ သိရတာ။ဖြည့်စွက်ပြောချင်တာကတော့ တော်လှန်ရေးလုပ်တယ်ဆိုတာကလည်း နိုင်ငံရေးလုပ်တာပဲလေ။အဲဒီလိုလုပ်တဲ့ နေရာမှာ အပြစ်မဲ့တဲ့ ပြည်သူတွေကိုဒီလို ခုတုံးလုပ်တာမျိုးတော့ ကျွန်တော်တို့ လက်မခံပါဘူး။ အမြန်ဆုံးပြန်လည် လွှတ်ပေးစေချင်ပါတယ်"ဟုပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍အေအေလက်နက်ကိုင်အဖွဲ့ထံ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်းဆက်သွယ်၍မရခဲ့ပေ။
သတင်း - နောင်လေး
The Standard Time Daily
0 comments:
Post a Comment