အလုပ်သမားအဖွဲ့အစည်းများ တိုးချဲ့ရေးနှင့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင် တိုးတက်ရေးကို အစိုးရအနေဖြင့် လိုလားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
ယနေ့(မေလ ၁ ရက်) နံနက်ပိုင်းက လှိုင်သာယာမြို့နယ်၊ ကနောင်ခန်းမ၌ ပြုလုပ်သည့် ၁၂၉ ကိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အခမ်းအနားတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
"သတ်မှတ်ချက်တွေနဲ့ ညီတယ်ဆိုရင် အလုပ်သမားအဖွဲ့အစည်းတွေနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ဦးရေတိုးတက်လာရေးကို အစိုးရနဲ့ ဝန်ကြီးဌာနက လိုလားပါတယ်။ ဒီအတွက် အားပေးပါတယ်။ လက်ရှိ နိုင်ငံက ဒီမိုကရေစီကို လျှောက်လှမ်းနေတာဖြစ်တဲ့အတွက် လိုအပ်ချက်အားနည်းချက်တွေ ရှိမှာဖြစ်တဲ့ အတွက် အားလုံး ညှိနှိုင်းပြီး အပြစ်မြင်တာထက်စာရင် မိသားစုစိတ်ဓာတ်နဲ့ ဝိုင်းလုပ်သွားရင် အလုပ်ရှင်၊ အလုပ်သမားနဲ့ နိုင်ငံတော်အတွက်ပါ အကျိုးရှိမှာ ဖြစ်တဲ့အတွက် ဘယ်လိုလှုပ်ရှားမှု လုပ်ဆောင်သည်ဖြစ်စေ စဉ်းစားပြီး ဆောင်ရွက်ပေးကြပါ" ဦးသိန်းဆွေ က ပြောသည်။
လက်ရှိတွင် အစိုးရထံ တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်ရှင်အဖွဲ့အစည်း ၂၉ ဖွဲ့နှင့် အလုပ်သမားအဖွဲ့အစည်း ၁၉၀၀ ကျော်ရှိကြောင်း သိရသည်။
လာမည့် နှစ် ၃၀အတွင်း လက်ရှိအလုပ်အကိုင် ၂၃ ရာခိုင်နှုန်းကို စက်ရုပ်များ အသုံးပြုမှုကြောင့်လည်းကောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် လည်းကောင်း၊ ဈေးကွက်ရဲ့ လိုအပ်ချက်အရလည်းကောင်း သာမန်အလုပ်သမားများ၏ လုပ်ငန်းခွင် လျော့နည်းသွားမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။
ထို့ကြောင့် အစိုးရအနေဖြင့် လက်ရှိ ပုံမှန်လုပ်ငန်းများအား လုပ်ကိုင်နေသလို အနာဂတ်ကာလကို မျှော်မှန်း၍ အလုပ်သမား၏ အရည်အသွေးတိုးတက်အောင် ဆောင်ရွက်နေသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့ပြင် အစိုးရအနေဖြင့် လုပ်ငန်းခွင်အလိုက် ကျွမ်းကျင်သူများ၊နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အလုပ်သမားစံ သတ်မှတ်ပြဋ္ဌာန်းရေးကို ရေးဆွဲနေသည်ဟုလည်း ပြောကြားခဲ့သည်။
အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက်၊ အခြေခံပညာရေးလုပ်သားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီ၊ တို့မျိုးဆက်ကွန်ရက်တို့က ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။
သတင်း၊ဓာတ်ပုံ-မင်းဟိန်း/စံတော်ချိန်
The Standard Time Daily
0 comments:
Post a Comment