Wednesday, May 1, 2019

အမည်ပျက်စာရင်းသွင်းခံထားရသည့်ကုမ္ပဏီများ အစိုးရထံတင်ပြလာပါက ပြန်လည်သုံးသပ်ပေးမည်


ရခိုင်ပြည်နယ်အတွင်းမှ အမည်ပျက်စာရင်းအသွင်းခံထားရသည့် ကုမ္ပဏီများအနေဖြင့် အမည်ပျက် စာရင်းမှ ပယ်ဖျက်ပေးရန် ကုမ္ပဏီဘက်မှ အစိုးရထံ တရားဝင်စာဖြင့်တင်ပြလာပါက ပြန်လည်သုံးသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှပြောသည်။ 
ဧပြီလ ၂၉ ရက်နေ့တွင်ကျင်းပခဲ့သည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အမည်ပျက်စာရင်းတင်သွင်းထားသည့် မြောက်ဦးမြို့နယ်မှ ကုမ္ပဏီ ၆ ခု ကိစ္စအား မြောက်ဦးမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က မေးမြန်းခဲ့သည်။
ထိုသို့ အမည်ပျက်စာရင်းတင်သွင်းထားသည့် ကုမ္ပဏီ ၆ ခုမှာ ရခိုင်ပြည်နယ်အတွင်း၌သာ ဖြစ်ပြီး အခြားပြည်နယ်နှင့်တိုင်းများတွင် အမည်ပျက်စာရင်းတင်ထားခြင်းမရှိသည့်အတွက် ၎င်းကုမ္ပဏီများ ဘက်မှ စာတင်ပြပါက အမည်ပျက်စာရင်းမှပယ်ဖျက်ရန် ပြန်လည်သုံးသပ်ပေးမည့်အကြောင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ကုမ္ပဏီဘက်ကနေ စာနဲ့ တရားဝင် တင်ပြတောင်းဆိုလာလို့ ရှိရင်လည်း အစိုးရအဖွဲ့အနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ ဆောင်ရွက်လို့ရရင်လည်း ဆောင်ရွက်ပေးဖို့ ဆိုတဲ့အကြောင်းကို ဖြေကြားလိုပါတယ် ” ဟု ဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်အေးသိန်းအား မြောက်ဦးဒေသခံ ကုမ္ပဏီအချို့မှ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံတိုင်ကြားခဲ့ပြီးနောက် မြောက်ဦးဒေသမှ ကုမ္ပဏီ ၆ ခုအား ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ အမည်ပျက် စာရင်းတင်သွင်းခဲ့ခြင်းလည်းဖြစ်သည်။
အဆိုပါကုမ္ပဏီ ၆ ခုမှာ သက်ဆိုင်ရာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် စည်းကမ်း လိုက်နာဆောင်ရွက်မှုမရှိခြင်းနှင့် လုပ်ငန်းများ အချိန်မှီပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိ၍ အမည်ပျက်စာရင်းတင်သွင်းရသည်ဟု ဝန်ကြီးဦးကျော်အေးသိန်းမှပြောသော်လည်း မည်သည့် လုပ်ငန်းများ မပြီးစီးခဲ့သည်ကို လွှတ်တော်တွင်တင်ပြနိုင်ခြင်းမရှိခဲ့ပေ။
အမည်ပျက်စာရင်းတင်သွင်းခံထားရသည့် ကုမ္ပဏီများဘက်မှလည်း လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်စုံတစ်ရာမှားယွင်းခြင်းမရှိခဲ့သည့်အတွက် စာတင်ပြရန်မလိုဘဲ ပြည်နယ်အစိုးရမှ ဖြေလျှော့ပေး ရမည်ဖြစ်ကြောင်း အမည်ပျက်စာရင်းသွင်းခြင်းခံထားရသည့် ဝတီရွှေမြေကုမ္ပဏီ ဒါရိုက်တာ ဦးနှင်းထွန်းတိုးက တုံပြန်ပြောဆိုသည်။
“ကျွန်တော်တို့ဘက်က တစ်စုံတရာမှားယွင်းခြင်းမရှိတဲ့အတွက် စာတင်စရာလည်းမလို၊ သူတို့မှားယွင်းပြီး ဆုံးဖြတ်တာ။ အမှန်အတိုင်းဆိုရင် မှားယွင်းမှုရှိတဲနာမည်ပျက်စာရင်းကနေ ပယ်ဖျက်ပေးရမယ်။ သူတို့က ဖြေလျှော့ပေးဖို့ဆိုရင် ကျွန်တော်တို့က မှားနေတာမဟုတ် ” ဟု ဦးနှင်းထွန်းတိုးက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရမှ အမည်ပျက်စာရင်းတင်သွင်းခံခဲ့ရသည့် မြောက်ဦးဒေသခံကုမ္ပဏီ ၆ ခုမှာ ရွှေနန်းမြေကုမ္ပဏီ၊ အဉ္စနအားမာန်ကုမ္ပဏီ၊ ဝတီရွှေမြေကုမ္ပဏီ၊ ဘဝသစ်အောင်နိုင်ဦးကုမ္ပဏီ၊ သီဟရာဇာထွန်းကုမ္ပဏီနှင့် ကျော်လွှားသဇင်ကုမ္ပဏီတို့ဖြစ်ကြောင်းသိရသည်။

ခိုင်ရိုးလ / DMG

0 comments:

Post a Comment