Tuesday, May 28, 2019

သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသော သံတောင်ကြီးဒေသ ပလက်ဝတံတားနေရာတွင် တံတားအစားထိုးဆောက်လုပ်နေသော်လည်း ပြီးစီးရန်ကြန့်ကြာနေခြင်းကြောင့် ဆက်သွယ်ရေးခက်ခဲနေဆဲဖြစ်


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် နှင့် ကရင်ပြည်နယ် သံတောင်ကြီးဒေသအကြား ထုံးဘိုကျေးရွာတွင် တည်ဆောက်သော သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖျက်သိမ်းခဲ့ရသောသံတောင်ကြီးဒေသရှိ ပလက်ဝ(သံကူကွန်ကရစ်)တံတားနေရာတွင် တံတားအသစ်အား အစားထိုးတည် ဆောက်မှုများပြုလုပ်နေသော်လည်း ပြီးစီးရန် ကြန့်ကြာနေခြင်းများကြောင့် သွားလာဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 
သောက်ရေခပ်(၂)ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် သွားလာရခက်ခဲသည့် အခြေအနေနှင့် ပတ်သက်ပြီး ဘောဂလိမြို့ မဲကျော်ရွာနေ စောဂျောနေဝင်းက “သောက်ရေခပ်(၂)နဲ့ကြုံတွေ့ ခဲ့ရတဲ့ အခြေအနေက ဘယ်လိုပြောရမလဲဆိုတော့ အခုလည်း ကျွန်တော်တို့မလိုလားဘူး ကန့်ကွက်တယ်။ ဒါပေမဲ့ မရဘူးလုပ်တယ်။ အစိုးရကလည်းလုပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခုထိ သွားလာရအဆင်မပြေဘူး။ တံတားလည်း မပြီးသေးဘူး။ လမ်းလည်းအဆင် မပြေသေးဘူး။ အခုဇက်နဲ့ သွားနေရတယ်။ ဒါတောင်မပြီးသေးဘူး။ အခုနောက်ထပ်တစ်ခုထပ်လုပ်မယ်ဆိုရင် ကျွန်တော်တို့ အများ ကြီးဒုက္ခရောက်မယ်လို့ ကျွန်တော်တို့မြင်တာပေါ့။ ဇက်နဲ့သွားတာကျတော့ တစ်ခါတလေကျတော့ အခက်အခဲရှိတာပေါ့။ ဟိုဘက်လည်းစောင့် ဒီဘက်လည်းစောင့်ဆိုတော့၊ နောက်ပြီးအချိန်လည်းကုန်တာပေါ့။ တစ်နေရာနဲ့တစ်နေရာသွားဖို့ အဓိကလမ်းပန်းဆက်သွယ်ရေးပဲလို့ ကျွန်တော်တို့ထင်တယ်၊ တံတားပြီးမယ်လို့ ကျွန်တော်တို့ကြားတာကတော့ ၂၀၁၈ ဒီဇင်ဘာအပြီးပဲ။ ဒါပေမဲ့ အခု ၂၀၁၉ ရောက်နေပြီ။ ဘယ် အချိန်ပြီးမယ်ဆိုတာ ကျွန်တော်တို့ မသိတော့ဘူး။ အဲဒီလိုဖြစ်နေတယ်။ တကယ်လို့ဌာနဆိုင်ရာတွေကို တင်ပြလိုက်လို့ရှိရင်လည်း အထက်က လူကြီးတွေပဲတင်ပြမယ် ပြောတယ်။ အဲဒီလိုကျတော့ ကျွန်တော်တို့လည်း မတင်ပြတတ်တော့ဘူး” ဟု ဆိုသည်။ 
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အရှေ့ဘက် ထုံးဘိုကျေးရွာတွင် ၂၀၀၅ ခု နှစ်ခန့်က ရွှေစွမ်းအင်ကုမ္ပဏီမှ သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းကို စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းမြေနေရာအတွင်းရှိ ရေမြုပ်ဧရိယာအတွင်းပါဝင်သည့် ကျေးရွာများ၊ လူနေအိမ်များနှင့်တံတားများ ရွှေ့ပြောင်းဖျက်သိမ်းခဲ့ရကြောင်း၊ တံတားဖျက်သိမ်းရာတွင် ဘောဂလိမြို့မှ တောင်ငူမြို့သို့ဒေသထွက်ကုန်များနှင့် သီးနှံများကို တင်ပို့ရောင်းချရာတွင် ကျေးရွာပေါင်း ၂၀ ကျော် အဓိကအမှီပြုအသုံးပြုနေရသည့် ပလက်ဝ သံကူကွန်ကရစ်တံတားလည်းပါသွားခဲ့ကြောင်း၊ ပလက်ဝတံတားအား ဖျက်သိမ်းခဲ့ပြီးနောက် ရေမြုပ်ဧရိယာဖြစ်သည့် ရေပြင်အားဖြတ်သန်း၍ တစ်နေရာနှင့်တစ်နေရာသို့ သွားလာရန် ရွှေစွမ်းအင်ကုမ္ပဏီက ဇက်များဖြင့် အခမဲ့ပို့ဆောင်ပေးသော်လည်း ဇက်များဖြင့်သွားရာ၌ အချိန်ယူစောင့်ဆိုင်းရခြင်း၊ ဇက်များမှ အင်ဂျင်စက်ချို့ယွင်းခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးကြန့်ကြာမှုများဖြစ်ကာ သွားလာရေးအဆင်မပြေဖြစ်နေကြောင်း ဒေသခံများက ပြောကြားသည်။ 
စပါးကျီကျေးရွာမှ စောသဲထူးက “တစ်ခါတလေ လူနာရှိရင် အကြိုအပို့သွားရတာ အချိန်မမီဘူး။ ဟိုတစ်လောက ဗိုက်ကြီးသည် အဖွဲ့က ကလေးမွေးခါနီးသွားတာ ဒီဇက်တစ် ခါစောင့်ရတယ်၊ တစ်ခါတလေလည်း ကလေးတွေက အသက်ဆုံးရှုံးရတယ်ပေါ့၊ အခုသွားရတာလည်းနေပူတယ်။ အခက်အခဲက အမျိုးမျိုးပဲ မပြောတတ်ဘူးပေါ့နော်။ တံတားဆောက်ဖို့ကလည်း ဘယ်နေ့ပြီးမှာလဲ မသိဘူး။ အရင်တုန်းက စီမံကိန်းစတော့ ၂၀၁၇၊ ၂၀၁၈၊ အခုကတော့ ၂၀၁၉ ၊၂၀၂၀ အပြီးမှာ ဆောက်မယ်တဲ့။ ခုနကပြောသလိုမျိုးပေါ့ အထက်ကို တင်ပြမယ်ဆိုတော့ ဘယ်အထက်က အကြီးဆုံးလဲမသိဘူး ပေါ့နော်။ အခက်အခဲတွေကတော့ အများကြီးပဲ။ အဓိကကတော့ တံတားကို မြန်မြန်ပြီးအောင် လုပ်ဖို့ပါပဲ”ဟု ပြောကြားသည်။ 
သောက်ရေခပ်(၂)စီမံကိန်းကြောင့် သံတောင်ကြီးဒေသ ပလက်ဝ(သံကူကွန်ကရစ်)တံတားအား၂၀၁၀ ပြည့်နှစ်ခန့်တွင် စတင်ဖျက်သိမ်းခဲ့ကြောင်း၊ ပလက်ဝတံတား ဖျက်သိမ်းပြီးနောက် အစားထိုးတံတားအား၂၀၁၆ ခုနှစ်၊၂၀၁၇ ခုနှစ်ခန့်တွင် ပြီးစီးအောင်ဆောက်လုပ်ပေးမည်ဟု သောက်ရေခပ်(၂)ရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီက စီမံကိန်းစတင်စဉ်က ပြောကြားခဲ့သော်လည်း ၂၀၁၉ ခုနှစ်အထိ ပြီးစီးခြင်းမရှိသေးသောကြောင့် ဇက်များဖြင့် ခက်ခက်ခဲခဲသွားလာနေရသည်မှာ ဆယ်စုနှစ်တစ်ခုခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ ထိုသို့ သွားလာရေးခက်ခဲနေခြင်းကြောင့် ဒေသခံပြည်သူများ၏သွားလာရေး ကိစ္စအပြင်၊ ဘောဂလိဒေသနေ ပြည်သူများ၏ စီးပွားရေးထုတ်ကုန်များဖြစ်သည့် ဒူးရင်း၊ မင်းဂွတ်၊ ဖာလာနှင့်ကွမ်းသီးကဲ့သို့သောကုန်များအား တောင်ငူမြို့ပွဲရုံများသို့ ပို့ဆောင်ရာတွင်လည်း နှောင့်နှေးကြန့်ကြာပြီး အခက်အခဲများစွာရှိနေကြောင်း ဘောဂလိဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment