Tuesday, May 28, 2019

စစ်ဆင်ရေး လိုအပ်ချက်ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှစ်ဦးအား တာဝန်ပြောင်းလဲလိုက်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား

စစ်ဆင်ရေး လိုအပ်ချက်ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာချုပ် တိုင်းမှူးနှစ်ဦးအား တာဝန်ပြောင်းလဲလိုက်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။ 
မေ ၂၇ ရက်က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ အပြီးတွင် တိုင်းမှူးများ အပြောင်းအလဲ ရှိနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုကို တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါကဲ့သို့ ပြန်လည် ဖြေကြားခဲ့သည်။ 
“တိုင်းမှူးတွေ အပြောင်းအလဲကတော့ ကျွန်တော်တို့ လိုအပ်ချက်အရပဲ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး အပြောင်းအလဲပဲ ရှိပါတယ်။ ဒါတော့ စစ်ဆင်ရေး လိုအပ်ချက်အရ ကျွန်တော်တို့ ဟိုဘက်ဒီဘက် ချိန်းလိုက်တာပဲရှိတယ်။ ကျန်တာမရှိပါဘူး” ဟု ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
ရခိုင်ပြည်နယ် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးများအား စစ်ဆင်ရေး လိုအပ်ချက်အရ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ 
စစ်ဆင်ရေး လိုအပ်ချက်ကြောင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူး ဗိုလ်ချုပ်တင့်နိုင်အား အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးအဖြစ် လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာချုပ် (နမခ) တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်အား အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးအဖြစ် လည်းကောင်း မေ ၂၆ ရက်က ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ဒုတိယဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးအချို့ အနားယူရန်ရှိတယ် ဆိုတာရော ဟုတ်ပါသလားဆိုသည့် မေးမြန်းမှုကို “အဲဒါကတော့ ခုနကပြောသလို ကျွန်တော်တို့ စစ်မှုထမ်းသက် စည်းမျဉ်းတွေရှိတယ်။ ပြီးရင် ကျွန်တော်တို့ အသက်တွေရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြည့်လာရင်တော့၊ ပြည့်တယ် ဆိုရင်တော့ ကျွန်တော်တို့က ဒါကတော့ သူ့ရဲ့စစ်မှုထမ်းသက် စည်းမျဉ်းအရပဲ လုပ်ဆောင်ဖို့ ရှိပါတယ်။ ကျန်တဲ့လုပ်ဆောင်ချက် မရှိပါဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေကြားသည်။ 
ARSA အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တပ်မတော်က ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့သည် ရခိုင်ပြည်နယ်သို့ သွားရောက် စုံစမ်းပြီးဖြစ်ကြောင်း၊ ထပ်မံသွားရောက်၍ စုံစမ်းမှုများ ပြုလုပ်ရန်ရှိပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် အစီရင်ခံစာများလည်း လက်ခံရရှိပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment