Tuesday, May 28, 2019

ကလေးမြို့နယ် ကြက်ဖနက်ချောင်းဖျားရှိ ကုမ္ပဏီတစ်ခု၏ ကျောက်မီးသွေးမိုင်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လေးဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိ


ကလေးမြို့နယ် ခုံသာကျေးရွာအုပ်စု အတွင်းရှိ ကြက်ဖနက်ချောင်းဖျားဒေသတွင်ရှိသော ထူးဟန်သစ်ကုမ္ပဏီ ကျောက်မီးသွေးမိုင်းတွင် မေ ၂၇ ရက်ည ၁၀ နာရီက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကျောက်မီးသွေးကျင်းလုပ်သား လေးဦးသေဆုံးကာ လေးဦးဒဏ်ရာရှိခဲ့သည်ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီ၏ ပြောကြားချက်အရ သိရှိရပါသည် ။ 
“ခုံသာကျေးရွာအုပ်စု ဒီကနေ မိုင် ၃၀ လောက်ဝေးတယ် ။ ကြက်ဖနက် ချောင်းဒေသပေါ့ ။ ထူးဟန်သစ် ကုမ္ပဏီလုပ်ကွက်မှာ ည ၁၀ နာရီလောက်က ဖြစ်တာ၊ ဖြစ်တော့ လေးယောက် သေတယ်၊ လေးယောက် ဒဏ်ရာရတယ်။ ပေါက်ကွဲမှု ဖြစ်တာပေါ့။ ကျောက်မီးသွေးကျင်းထဲမှာ ဝင်တူးရင်းနဲ့ မီးစလေးထွက်တာ အဲဒီမီးစနဲ့ မီသိန်းဓာတ်ငွေ့နဲ့ တွေ့တော့ အဲဒီမှာ ပေါက်ကွဲမှုဖြစ်တာ၊ အခုဟာတော့ ကျွန်တော်တို့ အနေနဲ့ ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့။ အခုကျွန်တော်တို့က စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ တာဝန်ရှိတဲ့ လူတွေကို စစ်ဆေးပြီးတော့ စစ်ဆေးတွေ့ရှိချက်ကို သုံးသပ်အကြံပြုချက်နဲ့ တင်ရမှာပေါ့ ။ တင်ပြီးတော့မှ အထက်ရဲ့ ညွှန်ကြားမှုအတိုင်း ဆက်လုပ်ရမှာပေါ့။ ကျောက်မီးသွေးမိုင်းက ကလေးဝမြို့ဘက်ကနေ ဝင်ရတာ ပလူဇဝဒေသကနေ ၁၀ မိုင်လောက် အတွင်းထဲ ဝင်ရတယ် ။ အားလုံးအထဲမှာ မကျန်တော့ဘူးဖြစ်တဲ့ အချိန်မှာ အပြင်ကို တက်လာကြတယ်။ သေတဲ့သူ လေးယောက်ကလည်း အထဲမှာ သေပြီးတော့ အပြင်ကို ဆွဲထုတ်ပြီး ကလေးဝ ဆေးရုံကို ပို့ထားတယ်။ ဒဏ်ရာရတဲ့သူတွေက သိပ်ပြီး မများဘူး။ ပွန်းပဲ့ရုံပါပဲ။ အခုတော့ ကုမ္ပဏီကလည်း လျော်ကြေးအတွက် ဆေးရုံမှာ ညှိနှိုင်းနေကြပါတယ်။ လုပ်ငန်းခွင် လုံခြုံမှုဒီထက်ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်။ လုပ်ငန်းခွင် အန္တရယ်ကင်းရှင်းဖို့ သူတို့ ပိုမိုဆောင်ရွက်ဖို့ အတွက် လိုအပ်ပါတယ်” ဟု ကလေးမြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးညီညီက ပြောကြားသည်။ 
ဖြစ်စဉ်မှာ မေ ၂၇ ရက်ညပိုင်းက ကျောက်မီးသွေးလုပ်ကွက်အတွင်းသို့ အလုပ်သမား ၁၅ ဦး တို့သည် ငါးဦးတစ်ဖွဲ့စီဖြင့် အဖွဲ့သုံးဖွဲ့ခွဲကာ နေရာသုံးနေရာတွင် အလုပ်လုပ်ကိုင်နေစဉ် သေဆုံးသည့် အဖွဲ့ဖက်ကမှ သံချင်း ပွတ်တိုက်ရာမှ မီးတစ်စနှင့် လုပ်ကွက်အတွင်းရှိ မီသိန်းဓာတ်ငွေ့တို့ တွေ့ဆုံရာမှ ပေါက်ကွဲမှု ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ပေါက်ကွဲမှု မဖြစ်မီအဆိုပါ အဖွဲ့မှ တစ်ဦးသည် နေမကောင်းသဖြင့် ကျောက်မီးသွေးအပြင် ထွက်ခွာခဲ့သောကြောင့် ကျန်ရှိခဲ့သောလေးဦးသည် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်ေဟု သိရသည်။ အခြားနေရာများတွင် လုပ်ကိုင်နေကြသော အဖွဲ့နှစ်ဖွဲ့မှ ကျောက်မီးသွေး လုပ်သားလေးဦးသည် ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ 
၂၀၁၉ ခုနှစ် မေ ၁၉ ရက်ကလည်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာအုပ်စု အတွင်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ကွက် အတွင်းရှိ မြန်မာ့စီးပွားရေးဦးပိုင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ထူးဟန်သစ် ကျောက်မီးသွေး ကုမ္ပဏီ၏ ကျင်းအ မှတ် ၂ အတွင်း ပေ ၅၀၀ အကွာတွင် ကျောက်မီးသွေး တူးဖော်ရာတွင် အသုံးပြုသည့် ယမ်းဖောက်ခွဲရာမှ အီသိန်းဓာတ်ငွေ့နှင့်ထိတွေ့ ပေါက်ကွဲမှု ဖြစ်ရာမှ တရုတ်နိုင်ငံသား တစ်ဦး နှင့် မြန်မာနိုင်ငံသား ငါးဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ မေ၂၃ ရက်ကလည်း ကလေးဝမြို့နယ် ရွာသာအုပ်စု ချောင်းဆုံကျေးရွာ အနောက်ဖက်သုံးမိုင်ခန့်အကွာရှိ ကျောက်မီးသွေး လုပ်ကွက်တစ်ခုတွင်မိုင်းတွင်း မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သားတစ်ဦး သေဆုံးခဲ့ရသည်ဟု သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment