မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ မူဆယ်မြို့ ဆွေးနွေးပွဲမှ တစ်ဆင့် အောင်မြင်မှုများရရှိပြီး တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံးချုပ်ငြိမ်းကာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန် စစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေရသည့် စစ်ဘေးသင့်ပြည်သူများက မျှော်လင့်နေကြောင်း သတင်းရရှိသည်။
''မူဆယ်ဆွေးနွေးပွဲ အလုံးစုံအဆင်ပြေ အောင်မြင်ပါစေဗျာ စစ်ပွဲကြောင့် ပြေးရလွှားရ ဒုက္ခတွေရောက်ရတာ ပြည်သူတွေပါ
ဆင်းရဲဒုက္ခမျိုးစုံ ရင်ဆိုင်နေရလို့ စစ်ပွဲတွေတော်ပါတော့ဗျာ။ အေးချမ်းချင်ပါပြီ အမြန်ဆုံးမြန်မာပြည်ကြီး ငြိမ်းချမ်းရေးရပါစေလို့ဆုတောင်းနေပါတယ်'' ဟု ကချင်ပြည်နယ် စစ်ဘေးရှောင်စခန်းမှစစ်ဘေးသင့်ဒေသခံ ဦးမရန်ဇော်လွတ်က ပြောသည်။
ဧပြီလ ၃၀ ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်ဦးဆောင်အစိုးရငြိမ်းချမ်းရေး ကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ များဖြစ်သည့်  ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့PSLF/TNLA၊ ရက္ခိုင့်တပ်မတော် ULA/AA နှင့် ကိုးကန့် အဖွဲ့MNDAA မှကိုယ်စားလှယ်များသည် ရှမ်းပြည်နယ် မူဆယ်မြို့ မူဆယ် နမ့်ခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းရုံးခန်းမတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
''စစ်ပွဲကြောင့် ပြည်သူတွေလည်း သေကြေခဲ့ကြတာ များလှပါပြီ။ ကျွန်မတို့ ပြည်သူတွေကိုလည်း စာနာကြပါလို့ တောင်းဆိုချင်ပါတယ်။ ငြိမ်းချမ်းရေး မြန်မြန်ရစေချင်ပါပြီ စစ်ပွဲတွေရပ်ကြပါတော့'' ဟုရခိုင်ပြည်နယ်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးသင့်ပြည်သူတစ်ဦးဖြစ်သူ ဒေါ်မစိန်ကပြောသည်။
မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဆွေးနွေးသည့့် ဧပြီ ၃၀ ရက်တွင် တပ်မတော်မှလည်း အပစ်အခတ်ရပ်စဲရေးကာလကို မူလက ဒီဇင်ဘာလမှ ဧပြီ ၃၀ ရက်အထိသာ သတ်မှတ်ထားသော်လည်း ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တောင်းဆိုမှုကြောင့် ဇွန်လအထိ တိုးမြှင့်ပေးလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းထုတ်ပြန်ချက်ကို နိုင်ငံရေးအသိုင်းအဝန်းနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပြည်သူများက ကြိုဆိုခဲ့ကြသည်။
''ဆွေးနွေးပွဲရလဒ်ကိုတော့ မသိရပါဘူး သို့ သော် ဒီဆွေးနွေးပွဲက ကောင်းမွန်တဲ့အဖြေထွက်ဖို့ တော့ မျှော်လင့်ပါတယ် အားလုံးမှာ ငြိမ်းချမ်းချင်တဲ့စိတ်ရှိမယ်လို့လည်း ထင်ပါတယ် စစ်ပွဲတွေမကြုံချင်တော့ပါဘူး'' ဟုရှမ်းပြည်နယ် မြောက်ပိုင်းစစ်ဘေးရှောင်စခန်းမှစစ်ဘေးသင့်ပြည်သူတစ်ဦးဖြစ်သူ ဦးစိုင်းထွန်းကျော်က ပြောသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းမှစတင်၍ ရပ်တန့် နေခဲ့ပြီး လက်ရှိအချိန်တွင် ပြန်လည်စတင်နိုင်ရန် ပြည်သူများက မျှော်လင့်နေကြသည်။
Isee Media
0 comments:
Post a Comment