Wednesday, May 1, 2019

လက်နက်ကိုင်၍ တောင်းဆိုချက်များလုပ်လိုက် ပယ်ချ လိုက် လုပ်နေမည့့်အစား စားပွဲဝိုင်း ဆွေးနွေးပွဲများတွင် အဖြေရှာရန် MPC ဒုဥက္ကဌတိုက်တွန်း


မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တောင်းဆိုချက်များကို လက်နက်ကိုင်တောင်းဆိုမည့် အစား ပယ်ချနေမည့် အစား စားပွဲဝိုင်းဆွေးနွေးပွဲများမှ တစ်ဆင့် ဆွေးနွေးအဖြေရှာကြရန် ငြိမ်းချမ်းရေးကော်မရှင် (MPC) ဒုတိယဥက္ကဌ ဦးသိန်းဇော်က ဧပြီ၃၀ရက်တွင် တိုက်တွန်းလိုက်သည်။ 
“ ငြိမ်းချမ်းရေးကို လက်နက်ကိုင်ထားယုံနဲ့ ဖော်ဆောင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ရလဲမရနိုင်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်းဖြင့်သာ ဖော်ဆောင်ဖို့လိုအပ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် အပြစ်တင်နေခြင်း၊ ဝေဖန်နေခြင်း၊ ပြောဆိုနေခြင်းဖြင့် ပြဿနာ၏အဖြေကို မရနိုင်ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်ပြီး အခြေအနေ အချိန်အခါနှင့် သင့်လျော်သည့်ကိစ္စများကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးရပါတယ်။ 
နိုင်ငံတော်ရဲ့အရေးဟာလည်း အားလုံးရဲ့အရေး ဖြစ်ပါတယ်ဆိုတာကို ကျွန်တော်တို့ သတိချပ်ပြီး နိုင်ငံတော်ကြီးကို အတူတကွ အောင်မြင်အောင် ကြိုးပမ်းကြဖို့ အချိန်အခါရောက်လာပြီဆိုတာ ပြောလိုပါတယ်။ လက်နက်ကိုင် ပဋိပက္ခများ၏ ဒဏ်ရာကြောင့် မိမိတို့ပြည်သူများ ဆင်းရဲဒုက္ခရောက်ပြီး ခေတ်နောက်ကျ ကျန်ခဲ့သည်ကို ကျွန်တော်တို့တတွေ သင်ခန်းစာယူသင့်ပါပြီ။ မိမိတို့၏ လိုလားချက်၊ တောင်းဆိုချက်များကို လက်နက်ကိုင်ဆောင်ပြီး တောင်းဆိုနေမဲ့အစား လက်နက်ကိုင်ဆောင်ပြီး ပယ်ချကြမဲ့အစား စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံညှိနှိုင်း အဖြေရှာကြဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျွန်တော်တို့ဆက်လက်ပြီးတော့ အကောင်အထည် ဖော်သွားကြစို့လို့ တိုက်တွန်းလိုပါတယ်'' ဟု ၎င်းကပြောကြားခဲ့သည်။ 
ရှမ်းပြည်နယ် မူဆယ်မြို့တွင် ဧပြီလ ၃၀ရက်က အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့၏ တွေ့ဆုံဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြားစဉ် MPCဒုဥက္ကဌက အက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 
ယင်းနောက်အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး NRPC ၏ သဘောထားကို ဆွေးနွေးပေးဖို့လိုလားကြောင်း၊ KIO အနေဖြင့် လိုလားသည့် စာချုပ်မူကြမ်းကိုလည်း PCG မှ တဆင့် NRPC သို့ ပေးပို့ထားပြီးဖြစ်ကြောင်း၊ အဆိုပါစာချုပ်မူကြမ်းကို နှစ်ဦးနှစ်ဖက် လက်ခံသဘောတူညီမှု ရရှိသည့်အထိ ဆွေးနွေးရန်လိုအပ်ကြောင်း၊ စာချုပ်မူကြမ်းအတွက် လိုအပ်ပါက တစ်ဖွဲ့ချင်း ဆွေးနွေးရမည်ဖြစ်ကြောင်း၊ KIO အနေဖြင့် မျှော်မှန်းထားသည့် လုပ်ငန်းစဉ်များမှာ Bilateral နှင့် IDPs များ မူလနေရပ်သို့ ပြန်နိုင်ရေးဖြစ်ပြီး အစိုးရနှင့် ညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားလိုကြောင်း၊ NCA ကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည်အထိ ဆွေးနွေးသွားလိုကြောင်း၊ ထိုသို့ဆွေးနွေးစဉ် ကာလအတွင်း တိုက်ပွဲများ ရပ်တန့်ရေးသည် အလွန်အရေးကြီးကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေဖြင့် သဘောထားကြီးဖို့ လိုအပ်ပါကြောင်း၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တစ်ဦးနှင့်တစ်ဦး တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့လာနိုင်ကြောင့်း စသည်တို့ ကိုလည်း KIO/KIA အထွေထွေအတွင်းရေးမှုး ဦးဆလန်ကဘာထိန်နန်က ပြောကြားသည်။ 
ယင်းနောက် MNTJ ၊ PSLF နှင့် ULA ကိုယ်စား ဦးဆောင်သူများက နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး အစည်းအဝေးကိုဆက်လက်ကျင်းပသည်။ 
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးက အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) စာချုပ်လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့ ပါဝင်လာနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) ရရှိပါက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်နေကြရသည့် (IDPs) များအတွက် ဆောင်ရွက်ရမည့် အကြောင်းအရာများ အပါအ၀င် တစ်ပြိုင်နက်တည်း ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား ကျင်းပပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်း ညှိနှိုင်းအစည်းအဝေးများတွင် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားမည့် အစီအစဉ်များ၊ NCA ရေးထိုးမည့် အဆင့်၊ NCA ရေးထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ရမည့် အဆင့်လိုက် အခြေအနေများကို အကျယ်တ၀င့် ရှင်းလင်းတင်ပြသည်။ 
ထို့နောက် MNTJP ၊ ULA နှင့် PSLF တို့က အဆိုပြုချက်များကို ပေးအပ်ခဲ့ကြပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) အနေဖြင့် ပေးပို့လာသည့် အဆိုပြုမူကြမ်းများအပေါ် ပြင်ဆင်အဆိုပြုချက်များ ပြန်လည်ပေးပို့၍ နှစ်ဖက်ဆက်လက် ညှိနှိုင်းကြမည် ဖြစ်ကြောင်း၊ နှစ်ဖက် အဆိုပြုချက်များ ရရှိပါက မေလအတွင်း ပြန်လည် တွေ့ဆုံကာ အသေးစိတ်ဆွေးနွေး ကြမည်ဖြစ်ကြောင်း၊ တွေ့ဆုံမည်နေ့ရက်နှင့် နေရာတို့ကို နှစ်ဖက်ပြန်လည်ညှိနှိုင်းကြမည် ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။ 
''အခုလိုတွေ့ဆုံမှုကိုတော့ ကြိုဆိုပါတယ် ရပ်ဆိုင်းနေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်စုံတစ်ရာ တိုးတက်မှုတွေရှိလာနိုင်မယ်လို့ မြင်ပါတယ် နှစ်ပေါင်း၇၀ကျော် ဖြေရှင်းလို့ မရခဲ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးဟာ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ'' ဟုနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။ 
အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များအဖြစ် ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌဦးသိန်းဇော် ၊ ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး ၊ ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေ ၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဋ္ဌေးနှင့် အကျိုးဆောင်အဖြစ် ဦးသက်နိုင်တို့ တက်ရောက်ကြပြီး KIO (ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့) ကိုယ်စားလှယ်ခေါင်းဆောင်အဖြစ် KIO-အထွေထွေအတွင်းရေးမှူး ဆလန်ကဘာထိန်နန်တို့ တက်ရောက်ခဲ့ကြပါသည်။


Isee Media 

0 comments:

Post a Comment