Tuesday, May 28, 2019

ဆန္ဒထုတ်ဖော်ခဲ့ကြသော ပညာရေးဝန်ထမ်းများအပေါ် မလျော်သြဇာသုံး ခြိမ်းခြောက်ခြင်းမပြုရန် တောင်းဆို

ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသော ပညာရေးဝန်ထမ်းများအပေါ် ခိုင်လုံသော အကြောင်းပြချက် တစ်စုံ တစ်ရာမရှိဘဲ မလျော်သြဇာသုံး ခြိမ်းခြောက်ခြင်းဆန်သည့် အပြုအမူများမပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း ပညာရေး ကောလိပ် ကျောင်းသားသမဂ္ဂများကိုယ်စားပြုကော်မတီက မေ ၂၇ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ 
လပွတ္တာမြို့နယ်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဆရာ၊ ဆရာမများ၏ ကိုယ်ရေးမှတ်တမ်းများ တောင်းယူနေမှု အပေါ် သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ယင်းထုတ်ပြန်ချက်၌ ၂၀၁၉ ခုနှစ် မေ ၂၂ရက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၁၀၀၀ ကျော်ခန့်က ပညာရေးဝန်ထမ်းများ ထိခိုက်နစ်နာဆုံးရှုံးနေမှုများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် တာဝန်ချိန်ပြင်ပတွင် ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြောင်းဟု ပါရှိသည်။ 
မေ ၂၃ ရက် ယင်းဆန္ဒထုတ်ဖော်မှု၌ ဦးဆောင်ခဲ့ကြသူ ဆရာသုံးဦးနှင့် ပါဝင်ခဲ့သူဆရာ၊ ဆရာမများအနက် ဆရာ၊ ဆရာမ ၂၀ တို့၏ ကိုယ်ရေးမှတ်တမ်းနှင့် ကြွေးကြော်သံများကို ပညာရေးဌာန၏ တာဝန်ရှိသူအဆင့်ဆင့်မှ အကြောင်းပြချက် တစ်စုံတစ်ရာမပေးဘဲ နှုတ်မိန့်ဖြင့် တောင်းခံနေသည်ဟု ကြားသိရပြီး ယင်းအကြောင်းအရာသည်ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများကို မလျော်သြဇာသုံး၍တစ်နည်းတစ်ဖုံ ခြိမ်းခြောက်ခြင်းဟု သုံးသပ်မိကြောင်း အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။ 
ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂများ ကိုယ်စားပြုကော်မတီအနေဖြင့်ယခုကဲ့သို့သော မလျော်သြဇာသုံးသည့် ဖြစ်ရပ်များအား ကန့်ကွက်လိုက်ပြီး ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်ခဲ့ကြသော ပညာရေးဝန်ထမ်းများအပေါ် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ မလျော်သြဇာသုံး ခြိမ်းခြောက်ခြင်းဆန်သည့် အပြုအမူများမပြုလုပ်ရန် တောင်းဆိုလိုက်ကြောင်း၊ ယခုထက် ပိုမိုဆိုးရွားသော ဖိနှိပ်မှုများ ပြုလုပ်မည်ဆိုပါက ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီအနေဖြင့်အဆိုပါ ပညာရေးဝန်ထမ်းများနှင့်အတူ တစ်သားတည်း ရပ်တည်မည်ဖြစ်ကြောင်းဟုထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ ပစ်စာတိုင်ကြားသူ လိပ်စာမပါရှိလျှင် ဌာနဆိုင်ရာ အရေးယူမှုမပြုရေးအပါအ၀င် အချက်ငါးချက်အတွက် လပ္ပတ္တာမြို့နယ် ပညာရေးဝန်ထမ်း ၁၀၀၀ ကျော်၏ ဆန္ဒထုတ်ဖော်မှုကို မေ ၂၂ ရက် ညနေ ၄နာရီခွဲမှ ည ၇ နာရီခွဲအထိ လပွတ္တာမြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
သတင်း - အိဟေမာ
The Standard Time Daily 

0 comments:

Post a Comment