Wednesday, May 1, 2019

မလေးရှားလေဆိပ်သို့ လိုက်ပါမည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးထံမှ ကျပ်သိန်း ၅၆၀၀ တန်ဖိုးရှိ ICE များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖမ်းဆီးရမိ

မလေးရှားလေဆိပ်သို့ လိုက်ပါမည့် အင်ဒိုနီးရှားနိုင်ငံသား တစ်ဦးထံမှ ကျပ်သိန်း ၅၆၀၀ တန်ဖိုးရှိ ICE များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မတ် ၁ ရက်တွင် သိရသည်။ 
ဖြစ်စဉ်မှာ ဧပြီ ၃၀ ရက် နံနက် ၇ နာရီ ၃၅ မိနစ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၄၅) ရန်ကုန်လေဆိပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Gate – 3 X-Ray စက်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် မလေးရှားလေဆိပ်သို့ လိုက်ပါမည့် အင်ဒိုနီးရှားနိုင်ငံသား Mr. JONI KRISWANTO (၃၀ နှစ်) ၏ ခရီးဆောင်အိတ်ကို စစ်ဆေးရာ အိတ်အတွင်း သိုဝှက်သယ်ဆောင် လာသည့် စုစုပေါင်းအလေးချိန် ၅ ဒသမ ၆ ကီလိုရှိ ICE များ (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၆၀၀ သိန်း) တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် မြန်မာငွေကျပ် ၁ ဒသမ ၆ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားကာ ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။ 

အလားတူ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သြဂုတ်လ အတွင်းကလည်း မလေးရှားနိုင်ငံသို့ ထွက်ခွာမည့် အမျိုးသား တစ်ဦးက ခရီးဆောင်အိတ်နှင့်အတူ Terminal – 1 inline Reject X-Ray သို့ ဖြတ်သန်းစဉ် မသင်္ကာဖွယ် ပုံရိပ်များ တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က ဖွင့်ဖောက်စစ်ဆေးရာ လူကြုံယူလာသည်ဆိုသော ခရီးဆောင်အိတ် အတွင်းမှ ရောင်စုံမိန်းမစီး ကတ္တီပါဖိနပ်များကို အံဝှက်သဖွယ် ပြုလုပ်၍ သယ်ဆောင်လာသည့် ဆေးပြား ၂၀၀ စီပါ ၆၆ ထုပ် စုစုပေါင်းဆေးပြား ၁၃၂၀၀ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment