Wednesday, May 1, 2019

သင်္ဃန်းကျွန်း (စံပြ) ​ဆေးရုံရှိ ​​ဆေးကုသဆောင်​တစ်​ခု၏ သုံးလွှာမှ ​က​လေး​မွေးဖွားပြီးစ အမျိုးသမီးတစ်​ဦး ခုန်ချသေဆုံးမှု ဖြစ်​ပွား

ရန်​ကုန်​တိုင်း​ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်​ သင်္ဃန်းကျွန်း (စံပြ)​ ဆေးရုံရှိ ​ဆေးကုသ​ဆောင်​တစ်​ခု၏ သုံးလွှာမှ က​လေး​မွေးဖွားပြီးစ အမျိုးသမီးတစ်​ဦး ခုန်​ချ​သေဆုံးမှု ​မေ ၁ ရက်​ နံနက်​က ဖြစ်​ပွားခဲ့​ကြောင်း သိရသည်​။ 
ခုန်​ချ​သေဆုံးခဲ့သည့်​ အမျိုးသမီးမှာ ကလေး​မွေးဖွားပြီးသည်​မှာ တစ်​ပတ်​ခန့်​သာ ရှိ​သေးသည့်​ သင်္ယန်းကျွန်းမြို့နယ်​ ကြီးပွားရေး ရပ်​ကွက်​၌ ​နေထိုင်​သော အသက်​ ၃၅ နှစ်​အရွယ်​ အမျိုးသမီး တစ်​ဦးဖြစ်​ပြီး ၎င်းသည်​ ​မေ ၁ ရက်​ နံနက်​ ၁၁ နာရီ ၁၅ မိနစ်​က သင်္ဃန်းကျွန်း(စံပြ)​ ဆေးရုံ က​လေး​ဆောင်နှင့်​ ဖျားနာဆောင်​ထောင့်​သုံးလွှာ ​​နောက်​ဘက်​ခြမ်းမှ ခုန်​ချခဲ့ခြင်းဖြစ်​​ကြောင်း သိရသည်​။ 

“သေဆုံးသွားတဲ့ အမျိုးသမီးက ဧပြီ ၂၄ ရက်ကမှ က​လေး​မွေးဖွားပြီးတာလို့ သိရတယ်​။ သူ့မှာက တခြား​ရောဂါတွေ ရှိ​နေ​တော့ က​လေးနဲ့သူ့ကို အ​ဆောင်​ခွဲပြီးထား ထားတာလို့ သိရတယ်​။ သူ့​အမျိုးသားက ​ဆေးသွားဝယ်​​နေတဲ့ အချိန်​မှာ ခုန်ချသွားတာလို့ သိရတယ်​။ ဆက်​ပြီး​တော့ စစ်​​ဆေးမှု​တွေ​တော့ ပြုလုပ်နေတယ်​” ဟု အ​ရှေ့ပိုင်းခရိုင်​ရဲတပ်​ဖွဲ့မှ ရဲအရာရှိတစ်​ဦးက ​မေ ၁ ရက်​ မွန်းလွဲပိုင်းတွင်​ ​ပြောကြားသည်​။ 

ထိုသို့ခုန်​ချသဖြင့်​ အဆိုပါ အမျိုးသမီးမှာ နား​သွေးထွက်​ဒဏ်​ရာ၊ ဒူး​ပေါက်​ပြဲဒဏ်ရာတို့ရရှိပြီး သေဆုံးခဲ့​ကြောင်း သိရသည်​။ 

“အမျိုးသမီးတစ်​​ယောက်​ ခုန်​ချတယ်​လို့​တော့ ကြားမိတယ်​။ က​လေး​မွေးပြီးခါစတဲ့။ ​ဆုံးသွားပြီလို့လည်း ကြားတယ်​။ ​သွေးနုသားနုမို့လို့ ကယောင်​​ချောက်​ချားဖြစ်​ပြီး ခုန်​ချတာလား မသိဘူး။ အဲဒီလိုက ဖြစ်​တတ်တယ်” ဟု သင်္ဃန်းကျွန်း (စံပြ) ​ဆေးရုံ​အနီးတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်​။ 

အဆိုပါ ဖြစ်​စဉ်​ကို သင်္ယန်းကျွန်းမြို့မရဲစခန်းက ​သေမှု​သေခင်းဖွင့်​လှစ်​ပြီး ဆက်​လက်​စစ်​​ဆေး​ ဆောင်​ရွက်​လျက်​ရှိ​ကြောင်း သိရသည်​။                              

Eleven Media Group

0 comments:

Post a Comment