Tuesday, May 28, 2019

မြန်မာနှင့် UNHCR ၊ UNDP တို့ နားလည်မှုစာချွန်လွှာ တစ်နှစ်သက်တမ်းတိုး


မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် UNHCR ၊ UNDP တို့အကြား ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာကို ယနေ့ (မေ ၂၈) သက်တမ်းတစ်နှစ်တိုးမြှင့်လိုက်သည်။ 
အပြန်အလှန်သဘောတူညီချက်စာချွန်လွှာများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) တို့က ကိုယ်စားလှယ်များ နေပြည်တော်တွင် လက်မှတ်ရေးထိုးခြင်း ဖြစ်ကြောင်း UNHCR က သတင်းထုတ်ပြန်သည်။ 
အဆိုပါ နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်လက်မှတ်ရေး ထိုးခဲ့ခြင်း ဖြစ်သည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက်နေရပ်ပြန်ရာတွင် ဘေးကင်း လုံခြုံရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် အခြေအနေဖြစ်လာစေရန် ရည်ရွယ်၍ ယင်းသို့ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း UNHCR က ထုတ်ပြန်ထားသည်။ 
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်ကြသည့် လူမှုအသိုက်အဝန်းများအားလုံး ဖွံ့ဖြိုးတိုးတက်ပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ဖန်တီးပေးရာတွင် ကူညီပံ့ပိုးပေးခြင်းများအတွက် ရည်ရွယ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 
သဘောတူညီချက်စာလွှာများတွင် စာချုပ်ပါအဖွဲ့ဝင်များသည် နားလည်မှုစာချွန်လွှာကို သဘောတူညီချက်ပါ ကာလအတွင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ထပ်မံကတိပြုခဲ့ကြကြောင်း UNHCR ထံမှ သိရသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi တို့ နေပြည်တော်တွင် မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ် အဆိုပါ စာချွန်ကို သက်တမ်း တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြပြီးနောက် ငါးရက်အကြာတွင် လက်မှတ်ရေးထိုးခြင်းဖြစ်သည်။ 

ဓာတ်ပုံ - Myanmar State Counsellor Office 
ပုံစာ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးတို့ နေပြည်တော်တွင် မေလ ၂၃ ရက်နေ့က တွေ့ဆုံစဉ်။
The Voice Journal 

0 comments:

Post a Comment