Tuesday, May 28, 2019

ကချနာပူရီ- ထားဝယ်စီးပွားရေးဇုန် ကားလမ်းကို ကျပ်သန်း(၃၀၀)ကျော် အသုံးပြု ပြင်ဆင်ပေးနေ


ထိုင်းနယ်စပ် ကချနာပူရီကနေ ထားဝယ်အထူးစီးပွားရေးဇုန်ကိုသွားတဲ့ (၂)လမ်းသွား ကတ္တရာလမ်းကို ထိုင်းနိုင်ငံက ချေးငွေမရသေးပေမယ့် ပြည်ထောင်စု အထူးပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေနဲ့ ပြုပြင်ဆောင်ရွက် ပေးနေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောပါတယ်။ 
  
မေ(၂၇)ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ထားဝယ်မဲဆန္ဒနယ် အမတ် ဦးအောင်စိန် မေးမြန်းတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ တာဖြစ်ပါတယ်။ 
ထိုင်းနယ်စပ် ကချနာပူရီကနေ ထားဝယ်အထူးစီးပွားရေးဇုန်ကိုသွားတဲ့ (၂)လမ်းသွား ကတ္တရာလမ်းကို အဆင့်မြှင့်ဖို့ (NEDA)ဆီက ထိုင်းဘတ်ငွေ (၄.၅)ဘီလီယံချေးယူဖို့ ပြည်ထောင်စု လွှတ်တော်က သဘောတူပြီးဖြစ်တာကြောင့် ဘယ်လိုဆက်လက်ဆောင်ရွက်နေလဲ ဆိုတာနဲ့ (NEDA)ဆီက ချေးငွေမယူရသေးရင် ပြည်ထောင်စုရန်ပုံငွေနဲ့ပဲ ပျက်စီးနေတဲ့လမ်းပိုင်းကို ပြုပြင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိ ဦးအောင်စိန်က မေးမြန်းခဲ့တာဖြစ်ပါတယ်။ 
စီမံကိန်းကာလ (၂၀၂၀)ကနေ (၂၀၂၃)အထိသတ်မှတ်ထားတဲ့ အဲဒီလမ်းပိုင်းပြုပြင်တဲ့စီမံကိန်းကို (၂၀၂၀)ခုနှစ် အောက်တိုဘာလမှာ စတင်ဆောင်ရွက်ဖို့ ကြိုးစားနေပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ (NEDA)ဆီကချေးငွေမရရှိသေးတဲ့အချိန်မှာ ပြည်ထောင်စု အထူးပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေ ကျပ်သန်း(၂၁၀)နဲ့ တိုင်းဒေသကြီး ပြင်ဆင် ထိန်းသိမ်းရေးရန်ပုံငွေ ကျပ်(၁၀၈)သန်း၊ စုစုပေါင်း ကျပ်(၃၁၈)သန်းကို အသုံးပြုကာ လမ်းပြုပြင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဦးဟန်ဇော်က လွှတ်တော်မှာ ရှင်းလင်းဖြေကြားခဲ့ပါတယ်။

One News Myanmar 

0 comments:

Post a Comment