Saturday, October 10, 2015

စစ်ကိုင်းတိုင်း၊ ရှမ်းနှင့် မွန်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရေနစ်မြုပ်


ရေလွှမ်းမိုးခံရသည့် ကောလင်းမြို့ဆေးရုံတွင် ရေကြီးနေသည့်ကြားမှပင် အရေးပေါ်လူနာအား ခွဲစိတ်ကုသပေးနေသော ဆရာဝန်နှင့် သူနာပြုများကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ကိုဖုန်း(ကောလင်း)

မိုးသည်းထန်စွာ ရွာသွန်းနေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့၌ မြေနိမ့် ပိုင်းများ ရေနစ်မြုပ်နေပြီး ကော လင်း၊ ကျောက်မဲနှင့် ကျိုက်ထို မြို့တွင် အဆိုးရွားဆုံးဖြစ်ကာ ဒေသခံများ ရေဘေးရင်ဆိုင်နေ ရသည်။
ကောလင်းမြို့တွင် အောက် တိုဘာ ၉ ရက် ည ၁၀ နာရီခန့်က တောင်ကျရေ ရုတ်တရက်ကျဆင်းလာတာ မြေနိမ့်ပိုင်းရပ်ကွက် များ ရေ ၁၂ ပေခန့်အထိ နစ်မြုပ်ခဲ့ကြောင်း ကောလင်းမြို့ ညောင်ဝန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းက ပြောသည်။

ရုတ်တရက် ရေ၀င်လာ သောကြောင့် မည်သည့်ပစ္စည်းမျှ သိမ်းဆည်းချိန် မရဘဲ ပျက်စီးဆုံးရှုံးမှုများသည်ဟု ၎င်းကပြောသည်။

‘‘မြို့ပေါ်ခြောက်ရပ်ကွက်မှာ အိမ်ခြေ ၆,၀၀၀ လောက်ရှိတယ်။ အိမ်ခြေ ၅,၀၀၀ လောက် ရေမြုပ် သွားတာ။ ဒီညနေတော့ ရေပြန် ကျပြီး အိမ် ၂,၀၀၀ လောက် ရေ မြုပ်နေသေးတယ်။ ရေက နေ့ လယ်ဘက်နည်းနည်းကျပေမယ့် ညနေဘက်မှာ ပြန်တန့်နေတယ်’’ ဟု ကယ်ဆယ်ရေးလုပ်နေသည့် ကောလင်းမြို့ခံ ကိုအောင်မျိုးဝေက ပြောသည်။ ကောလင်းမြို့တွင် အောက်တိုဘာ ၉ ရက်ညက မြေနိမ့်ရပ်ကွက်အချို့ ရေ ၁၂ ပေခန့်အထိတက်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက် ညပိုင်းအထိ ရေ ၈ ပေ ခန့်အထိ နစ်မြုပ်နေဆဲ ဖြစ်သည်ဟု ကိုအောင်မျိုးဝေက ပြောသည်။


ရေဘေးကြောင့် အစိုးရဌာနဆိုင်ရာရုံးများပါ အငိုက်မိခဲ့ပြီး ရဲစခန်းမှ အချုပ်သား ၄၀ ခန့်ကိုလည်း အရေးပေါ်နေရာ ပြောင်းရွှေ့လိုက်ရသည်ဟု ကောလင်းမြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။ ကောလင်းမြို့ ဆေးရုံတွင်လည်း ရေ ၂ ပေခန့်ဝင်ရောက်ကာ အရေးပေါ်လူနာများကို ရေနစ်မြုပ်နေသည့် အနေအထားဖြင့်ပင် ဆရာဝန်များက ကုသပေးခဲ့ရသည်ဟု သတင်းရရှိသည်။

ကောလင်းမြို့အပြင် ကလေး၊ ကလေးဝနှင့် ၀န်းသိုမြို့တို့တွင်ပါ တောင်ကျရေကြောင့် ရေလွှမ်းမိုးမှု အနည်းငယ်ရင်ဆိုင်ခဲ့ရသော်လည်း ကောလင်းမြို့မှာ အဆိုးရွားဆုံးဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။ ကလေးမြို့သို့ သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်တို့ အောက်တိုဘာ ၁၀ ရက်တွင် လာရောက်၍ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လာရောက်လေ့လာခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုးကောင်းနေသောကြောင့် ကလေးမြို့အထက်ဘက်ရှိ မြစ်သာမြစ်ရေတိုးနေပြီး လောလောဆယ် စိုးရိမ်စရာမရှိသေးဟု ကလေးလွင်ပြင် ပရဟိတအသင်းမှ ကိုသန့်ဇင်လင်းက ပြောသည်။


ကလေး-ဂန့်ဂေါကားလမ်းပိုင်းရှိ သစ်သားတံတားတစ်စင်း ပေ ၆၀ ခန့်ပြတ်၍ ရေစီးနှင့် မျောပါပျက်စီးခဲ့ပြီး ယင်းလမ်းပိုင်းမှ ရထားလမ်းတစ်ခုလည်း ပေ ၅၀ ခန့် ပျက်စီးခဲ့သည်။


ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တွင်လည်း အောက် တိုဘာ ၉ ရက်ညက တောင်ကျ ရေစီးဝင်ကာ နေအိမ်များအတွင်း ရေ၀င်ရောက်ခဲ့သည်။

‘‘မနေ့ညက တစ်ညလုံး မိုး ရွာတယ်။ အိမ်တွေထဲ ခါးလယ် လောက်အထိ မြုပ်တယ်။ ညက မိုးကြောင့် အိမ်တွေထဲ ပိတ်မိနေ တဲ့သူတွေကို လိုက်ခေါ်နေတယ်။ အားလုံးဘေးကင်းပါတယ်’’ ဟု ကျောက်မဲမြို့ ဇီဝိတလူမှုကူညီ ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင် သိန်းက ယနေ့နံနက်တွင် ပြောသည်။

မိုးလေ၀သပညာရှင် ဒေါက် တာ ထွန်းလွင်က ဘင်္ဂလားပင် လယ်အော်မှ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မုတ်သုံလေအား ကောင်းနေကာ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေ သကြီးတို့တွင် နေရာကွက် မိုးကြီး ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။ ယင်းမုန်တိုင်းငယ်သည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကမ်းခြေကိုဝင်ရောက် သွားသော်လည်း လက်ရှိရာသီဥတု အခြေအနေအရ နောက်လာ မည့် သုံးရက်ခန့်အတွင်း နေရာ ကွက်မိုးကောင်းနိုင်သေးသည်ဟု ဒေါက်တာ ထွန်းလွင်က ရှင်းပြ သည်။ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူး (ငြိမ်း) ဦးမောင် မောင်သန်းက လက်ရှိအချိန်တွင် ကောလင်းမှာ သတိထားစောင့် ကြည့်ရမည့် အခြေအနေဖြစ်ပြီး အကယ်၍ မိုးဆက်လက် ရွာသွန်း ပါက ရေလွှမ်းမိုးမှု အန္တရာယ်ရှိ သည်ဟု သတိပေးသည်။


‘‘ပထမတစ်ကြိမ် ရေကြီးခဲ့ တော့ ဒေသတွင်း ချောင်းတွေ၊ မြောင်းတွေက နုန်းတွေဖုံးသွား တော့လေ။ နောက်တစ်ခါ မိုး သဲသဲမဲမဲ ရက်ဆက်ရွာရင် သတိထားဖို့လိုတာပေါ့’’ဟု သတိပေးသည်။


ထို့အပြင် သဖန်းဆိပ်ဆည်မှာလည်း ရေတက်လာသောကြောင့် အကယ်၍ ရေလွှတ်ချပါက ဆည်အောက်ဘက်ရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် ခင်ဦးမြို့တို့မှာ ကြိုတင်သတိရှိရန် လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။


7Day Daily

0 comments:

Post a Comment