Thursday, October 1, 2015

စံချိန်တင်ဖမ်းမိသော မူးယစ်ဆေးဝါးများနိုင်ငံရေးအသိုင်းအဝိုင်းနှင့် သက်ဆိုင်မှုမရှိဟု ရဲမှူးကြီးမြင့်အောင်ပြောကြား

ကမ္ဘာတွင်ဒုတိယအများဆုံးစံချိန်တင်ဖမ်းဆီးမိခဲ့သောမူးယစ်ဆေးဝါးများမှာနိုင်ငံရေးအသိုင်းဝိုင်းနှင့်ဆက်စပ်မှုမရှိကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့်နိုင်ငံတကာဆက်ဆံရေးဌာန (နေပြည်တော်) ဌာနမှူးရဲမှူးကြီးမြင့်အောင်ကပြောကြားသည်။လက်တလောစုံစမ်းစစ်ဆေးမှုများအရနိုင်ငံရေးအသိုင်းအဝန်းနှင့်ဆက်စပ်မှုမရှိဘဲမူးယစ်ဆေးဝါးရောင်းချသောအဖွဲ့များကဆောင်ရွက်ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။
“ဒီမူးယစ်ဆေးဝါးတွေကမူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်တဲ့အဖွဲ့ကဆောင်ရွက်တဲ့အနေအထားပဲဖော်ထုတ်ရရှိပါတယ်၊လောလောဆယ်တော့နိုင်ငံရေးနယ်ပယ်နဲ့ဆက်စပ်မှုမရှိပါဘူး”ဟု၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်ဖမ်းမိသောယင်းမူးယစ်ဆေးဝါးများသည်ကမ္ဘာပေါ်တွင်ဒုတိယအများဆုံးဖမ်းမိသောမူးယစ်ဆေးများဖြစ်ပြီးတရုတ်နိုင်ငံသည်အများဆုံးဖမ်းမိထားသည့်အချက်အလက်ရှိနေကြောင်း၎င်းကပြောသည်။

စတင်ဖမ်းမိစဉ်ကပိုင်ရှင်မဲ့ဖြစ်သော်လည်းစုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရတရားခံဟုယူဆရသူ၉ဦးအားစစ်ဆေးလျက်ရှိပြီးဆက်လက်၍သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်းရဲမှူးကြီးကထပ်လောင်းပြောသည်။

အောက်တိုဘာ၁ရက်နေ့တွင်နေပြည်တော်ရှိသင်္ဂဟဟိုတယ်တွင်ပြုလုပ်သောမြန်မာနိုင်ငံရဲတပ်ဖွဲ့၅၁နှစ်မြောက်ရဲတပ်ဖွဲ့နေ့တွင် မီဒီယာများကို ၎င်းကယင်းသို့ပြောဆိုခြင်းဖြစ်သည်။

ယင်းအပြင်နယ်စပ်ဆက်ဆံရေးရုံးများနှင့်တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့လည်းတရားခံများဟုယူဆရသူများ၏ဓါတ်ပုံနှင့်သတင်းအချက်အလက်များဖြန့်ဝေထားပြီးတွေ့ရှိကကူညီဖမ်းဆီးပေးရန်အကြောင်းကြားထားကြောင်းရဲမှူးကြီးမြင့်အောင်ကဆိုသည်။

မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ ဥယျာဉ်မြို့တော် တွင်ကွန်တိန်နာယာဉ်တစ်စီးပေါ်မှအမေရိကန် ဒေါ်လာ၁၃၃သန်းတန်ဖိုးရှိစိတ်ကြွဆေးပြား၂၆သန်းကျော်ကိုပိုင်ရှင်မဲ့သိမ်းဆည်းရမိခဲ့ပြီး နောက်ယင်းအမှုမှတရားခံများကိုဖော်ထုတ်ဖမ်းဆီးရန်ရဲတပ်ဖွဲ့ကတိုင်းဒေသကြီးကိုပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာဇူလိုင်လစက်တင်ဘာလအတွင်းကျပ်ဘီလီယံ၁၇၀ကျော်ရှိစိတ်ကြွဆေးပြားနှင့်အခြားမူးယစ်ဆေးဝါးများကိုပိုင်ရှင်မဲ့ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်းရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးရုံးထံမှစုံစမ်းသိရှိရသည်။

အဆိုပါစံချိန်တင်မူးယစ်ဆေးဝါးအမှုမှထွက်ပြေးတိမ်းရှောင်နေသည့် Kaladan Delta Development ကုမ္ပဏီမှဝန်ထမ်းများဖြစ်သောဦးလှမောင်နှင့်ဦးကျော်အေးလှိုင်(ခ) ခိုင်အောင်စိုး၊ဦးဝင်းလှိုင်၊ဦးအေးသန်း၊ဦးသန်းမြင့်၊ဦးရွှေသီးမောင်၊ဦးသန်းရွှေ၊ဦးစိုးရှင်း၊ဦးကျော်လှိုင်နှင့်ဦးမောင်ဝင်းတို့ကိုတရားခံပြေးများအဖြစ်ကြေညာကာမြန်မာနိုင်ငံအနှံ့ပိုက်စိပ်တိုက်ရှာဖွေနေပြီးအိမ်နီးချင်းနိုင်ငံများမှတာဝန်ရှိသူများထံယင်းတရားခံပြေးများကိုတွေ့ရှိပါကဖမ်းဆီးပေးရန်အတွက်အမည်စာရင်းနှင့်ဓာတ်ပုံများကိုပေးပို့ထားကြောင်းမြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံးထံမှသိရှိရသည်။

The Voice Weekly

0 comments:

Post a Comment