တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးမည်ဟု သဘောထားပေးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့နှင့် အစိုးရတို့ အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိပ်သီးအစည်းဝေးတွင် NCA ကိုလက်မှတ်ရေးထိုးမည်ဟု ဆုံးဖြတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နှင့်အတူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့သည် အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် UPWC ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အပစ်ရပ်လက်မှတ်ထိုးမည့် ကိစ္စများကို အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ အနေနှင့် ဆွေးနွေးပွဲ တက်လာသော်လည်း NCA လက်မှတ်ရေးထိုးရေး၊ မထိုးရေးကို ထုတ်ပြန်ခြင်း မရှိသေးကြောင်း နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။
“RCSS ကတော့ ၁၅ ဖွဲ့ ဖိတ်တဲ့အထဲမှာ အစည်းအဝေး တက်လာတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူတို့ရဲ့ သဘောထားကတော့ နဂိုတုန်းက NCA ကို လက်မှတ်ထိုးမယ်ဆိုပြီး သဘောထား ထုတ်ပြန်ထားတာ ရှိတယ်။ ဒီနေ့ပွဲမှာ အစိုးရအနေနဲ့ ဘယ်အဖွဲ့အစည်းတွေ လက်မှတ်ထိုးမလဲဆိုတာ မမေးပါဘူး။ ဘာလို့လဲဆိုတော့ အားလုံးကို ယုံကြည်မှု တည်ဆောက်ပြီး သွားတာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ အချိန်တစ်ခုအထိ စောင့်ပြီးတော့ အဲ့ဒါပြီးမှ မေးမယ့်သဘော ရှိပါတယ်” ဟု မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲ ပြုလုပ်ရန်အတွက် နှစ်ဖက်ကိုယ်စားလှယ် ၁၀ ဦးစီဖြင့် ပွဲကျင်းပရေး ပူးတွဲကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့တွင် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။
“ကျွန်တော်တို့ တိုင်းရင်းသားတွေထဲမှာ တချို့က လက်မှတ်ထိုးပြီး တချို့က မထိုးလို့ သဘောထားကွဲတယ်လို့ ပြောလို့မရပါဘူး။ ကျွန်တော်တို့ လက်မှတ်မထိုးရင် NCA က အကောင်အထည်ပေါ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ရှေ့ပြေးအနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။
NCA လက်မှတ်ရေးထိုးပွဲသို့ ကုလသမဂ္ဂ၊ အီးယူနှင့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဂျပန်နိုင်ငံများမှ ခေါင်းဆောင်များ၊ မြန်မာနိုင်ငံနှင့် သံတမန် ဆက်ဆံရေး ရှိသည့် သံရုံးတာဝန်ခံများ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များဘက်မှ အဆိုပြုထားသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများကို ဖိတ်ကြားသွားမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။
“တိုင်းရင်းသား ခေါင်းဆောင်တွေဘက်က အဆိုပြုထားတဲ့အတိုင်း NCA လက်မှတ်ရေးထိုးပွဲကို လက်မှတ်ရေးထိုးခြင်း မရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်ရောက်ဖို့ ဆိုတာကိုလည်း အစိုးရဘက်က လက်ခံပါတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင် ၁၉ ဖွဲ့ တက်ရောက်ခဲ့ပြီး NCA ကို လက်မှတ်ရေးထိုးမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA- PC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့က ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIO/KIA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ကမူ NCA လက်မှတ်ရေးထိုးဦးမည် မဟုတ်ကြောင်း အဆိုပါ အဖွဲ့များထံမှ သိရှိရသည်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၌ အင်အားကြီး လက်နက်ကိုင်အဖွဲ့ ဖြစ်သော ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) မိုင်းလားအဖွဲ့တို့လည်း အစိုးရနှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးထိုးပြီး ဖြစ်သောကြောင့် NCA ကို လက်မှတ်ထိုးရန် မလိုအပ်ကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော်- MNDAA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရခိုင့်တပ်မတော် AA တို့ NCA စာချုပ်တွင် လက်မှတ်တစ်ပြိုင်တည်း ပါဝင်ရေးထိုးရေးကို အစိုးရဘက်က လက်မခံသေးပေ။
The Voice Weekly
0 comments:
Post a Comment