Thursday, October 15, 2015

NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ (၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၅ ရက်)



ချစ်ကြည်လေးစားရပါသော နိုင်ငံတော်သမ္မတကြီးနဲ့တကွ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြတဲ့ နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်နာယကများနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးကြမယ့် နိုင်ငံတကာမှ အသိသက်သေ ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ အသိသက်သေ ကိုယ်စားလှယ်များ၊ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံကနေ တစိုက်မတ်မတ် အထောက်အကူပြုနေကြတဲ့ နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ သံတမန်များ၊ အထူးဖိတ်ကြားခြင်း ခံထားရတဲ့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တော်များနဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ တလျှောက်မှာ အင်တိုက်အားတိုက် ပါဝင်ခဲ့ကြတဲ့ နှစ်ဖက်သော ခေါင်းဆောင်ကိုယ်စားလှယ်များ၊ အလုပ်အဖွဲ့များ၊ အထောက်အကူပြုသူများ အားလုံးနဲ့ သတင်းမီဒီယာများ အားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ဒီလို ဂုဏ်ရောင်ထွန်းပြောင်တဲ့ သမိုင်းဝင် အခမ်းအနားမှာ လက်မှတ်ရေးထိုးကြမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ကိုယ်စား ကျွန်တော့်ကို မိန့်ခွန်းပြောကြားခွင့် ပြုတဲ့အတွက် များစွာ ဂုဏ်ယူဝမ်းမြောက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး ရပြီးကတည်းက နှစ်ရှည်လများ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခကို အဆုံးသတ်နိုင်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတို့ဟာ ဒီ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ရရှိဖို့ (၂) နှစ်နီးပါး အချိန်ယူ ဆွေးနွေးခဲ့ကြရပါတယ်။

နှစ်ဖက် ညှိနှိုင်းဆွေးနွေးဘက်တွေ အကြား ရဲရင့်တက်ကြွတဲ့ အားမာန်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုတဲ့ အာသီသကို အခြေခံကြလို့ ဒီတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်းစာမျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ပါတယ်။

ဒါတွေဟာ အလျှော့အတင်းပြုလိုတဲ့ စိတ်ဓါတ်၊ အခက်အခဲတွေကို အတူတကွ ပူးပေါင်းဖြေရှင်းလိုတဲ့ဆန္ဒ၊ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့ သန္နိဋ္ဌာန်၊ ဆွေးနွေးဘက် တစ်ဖက်စီမှာ ပါဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေအကြား ထိန်းသိမ်းထားနိုင်တဲ့ ညီညွှတ်မှုနဲ့ ယုံကြည်မှုတွေကြောင့် ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုးခြင်းဟာ သာမန် အပစ်ရပ်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးတာ မဟုတ်ဘဲ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်ရေး လျှောက်လှမ်းရမယ့် ခရီးရှည်ကြီးရဲ့ ပထမဦးဆုံးသော အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး စိန်ခေါ်မှုများစွာကလည်း စောင့်ကြိုနေပါတယ် ဆိုတာကိုလဲ သတိပေးလိုပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA ကို ဆက်လက်အကောင်အထည်ဖော်ရာမှာဘဲဖြစ်ဖြစ်၊ အချိန်အခက်အခဲကြောင့် ကွဲလွဲနေတဲ့ အယူအဆအချို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA လက်မှတ်ရေးထိုး အပြီးမှာ အမြန်ဆုံး ဆက်လက်ဆွေးနွေးဖို့ ယူဆောင်သွားရမဲ့ အချက်တွေ ဆွေးနွေးကြရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ အားလုံးဟာ စိတ်ရှည်သည်းခံကာ အခက်အခဲအားလုံးကို နောက်မဆုတ်စတမ်း အတူတကွ ကျော်ဖြတ်ကြဖို့ကိုလည်း သက်ဆိုင်သူ အားလုံးကို တောင်းဆိုလိုပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နဲ့ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က ကိုယ်စားလှယ်တွေသာမက နိုင်ငံရေးပါတီတွေနဲ့ အခြားပါဝင်သင့် ပါင်ထိုက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်လာကြမှာဖြစ်လို့ မတူကွဲပြားတဲ့ အမြင်သဘောထား အမျိုးမျိုးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့လာကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့ အသီးသီးရဲ့ ဆန္ဒသဘောထားတွေကိုသာ ရှေ့တန်းမတင်ဘဲ အပြန်အလှန် လေးစားတန်ဖိုးထားမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ အားလုံးပါဝင်ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်တဲ့အထိ ရလဒ်ကောင်းတွေ ရရှိဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာဘဲ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်- NCA ကို သဘောတူ လက်ခံသော်လည်း လတ်တလော ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆိုတိုက်တွန်းလိုပါတယ်။

၎င်းအဖွဲ့အစည်းများ ပါဝင်လာရေး လမ်းဖွင့်ပေးရာမှာ၊ စစ်ရေးတင်းမာမှု လျှော့ချရေးကို အထောက်အကူပြုမယ့် ယန္တရား ဖန်တီးထားခြင်းဟာ အရေးပါပြီး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ အတူတကွ လက်မှတ်ရေးထိုးထားကြတဲ့ မိမိတို့ ခေါင်းဆောင်တွေအကြား ညှိနှိုင်းပြီး ဝိုင်းဝန်းနည်းလမ်း ရှာဖွေပါဝင်ကြဖို့ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ဘူးသေးတဲ့ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်နိုင်ခြင်းဟာ ထူးခြားအောင်မြင်တဲ့ ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး “သမိုင်းစာမျက်နှာ” သစ် ဖွင့်လိုက်ပြီလို့လဲ ဆိုနိုင်ပါတယ်။

ဒါကြောင့် မိမိတို့ရဲ့ သက်တမ်းတစ်လျှောက်မှာ ခါးသီးစွာ တွေ့ကြုံခံစားလာခဲ့ကြရတဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ ဆိုးမွေများအားလုံးကို ဒီမှာတင် ပြည်ဖုံးကားချရေး ကြိုးပမ်းကြပြီး အနာဂတ် မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် “ငြိမ်းချမ်းရေး” ဆိုတဲ့ အမွေအနှစ်ကို ချန်ရစ်ထားနိုင်ဖို့၊ တရားမျှတမှုနဲ့ ဂုဏ်သိက္ခာရှိမှုတို့အပေါ် အခြေခံတဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆက်ဆက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး သန္နိဋ္ဌာန်ချထားကြဖို့နဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေကနေ နိုင်ငံရေးအဖြေ မထွက်သေးခင် ကာလမှာ ဖိအားပေးမှုတွေကို ရှောင်ကျဉ်ကြကာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ အုတ်မြစ်ချနိုင်ရေး မဆုတ်မနစ် ကြိုးပမ်းကြပါစို့လို့ ဒီကနေ့ အခမ်းအနားကို ဂုဏ်ပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

(Source: Myanmar Peace Center Page)
thevoicemyanmar.com

0 comments:

Post a Comment