Tuesday, August 21, 2018

အရည်အသွေးမမီသော စီမံကိန်းများအတွက် ဝန်ကြီးဌာနများကို ထိရောက်စွာ အရေးယူရန်တင်ပြချက် လွှတ်တော်အတည်ပြု

ပညာရေးဝန်ကြီးဌာနအပါအဝင် နိုင်ငံတော်ပိုင် တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးပိုင်း အားနည်းချက်များ ဖြစ်ပေါ်နေသော ဝန်ကြီးဌာနများကို ထိရောက်စွာ အရေးယူပေးရန် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ တင်ပြချက်ကို ထောက်ခံကြောင်း ဩဂုတ်လ ၂၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။
“အရေးယူသင့်သည်များကို အရေးယူရန်နှင့် မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ပြည်ထောင်စု အစိုးရအဖွဲ့သို့တင်ပြ၍ လမ်းညွှန်မှုခံယူကာ ဆက်လက်လုပ်ဆောင်သင့်ကြောင်း တင်ပြပါတယ်”ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

အားနည်းချက်များ ဖြစ်ပေါ်နေသည့် အခြေခံပညာဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ( ၆/၂၀၁၈ ) ကို ဩဂုတ် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနက လာရောက်ဖြေရှင်းသည့်ဩဂုတ်လ ၂၀ ရက်နေ့တွင် ၎င်းက အထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။

ကော်မတီ၏ အစီရင်ခံစာပါ ဖော်ပြချက်ကို လွှတ်တော်ကိုယ်စားလှယ် ၄၁ ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယင်းတင်ပြချက်နှင့် ဆွေးနွေးချက်များသည် အစီရင်ခံစာပါတင်ပြချက်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြချက်များသည် ဌာနအဖွဲ့အစည်းများ၏ ဘတ်ဂျက်အကောင်အထည်ဖော်မှုများ၊ အားနည်းချက်များကို မီးမောင်းထိုးပြသခြင်းဖြစ်သည်ဟု ခံယူကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။

အခြေခံပညာဦးစီးဌာနသည် ၂၀၁၇-၂၀၁၈ ခုတွင် ဘတ်ဂျက်ခွင့်ပြုချက်ပါ လုပ်ငန်းရပ်များ၏ လုပ်ငန်းရပ်ပေါင်း ၂၅၈၀ ခွင့်ပြုချက်ရရှိသည့်အနက် ၅၆ ခုကို အဆောက်အအုံဦးစီးဌာနထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီး ၂၅၂၄ ခုကိုသာ လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သော မတ်လ ၃၁ ရက်နေ့အထိ လုပ်ငန်း ၆၂၂ ခုကိုသာ ရာနှုန်းပြည့် ပြီးစီးသောကြောင့် ခွင့်ပြုချက်ပါ လုပ်ငန်းရပ်များ၏ ၂၅ ရာခိုင်နှုန်းကိုသာ အချိန်မီပြီးစီးနိုင်ခဲ့ပြီး ကျန်တဲ့ ၇၅ ရာ ခိုင်နှုန်းသည် ပြီးစီးမှုမရှိကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

တည်ဆောက်ရေးလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ခံဆောင်ရွက်ရာတွင် သာမန်အားဖြင့် အရည်အသွေး စံချိန်စံညွှန်းအထူးကောင်းမွန်ရန် လိုအပ်ခြင်းကြောင့် လုပ်ငန်းများကို စိစစ်ပြီးအဆောက်အအုံ အလုံးရေနည်းစွာ လက်ခံခဲ့သော်လည်း ပညာရေးဝန်ကြီးဌာန၏ တည်ဆောက်ရေးလုပ်ငန်းများကို လုပ်ငန်းအပ်နှံစဉ်က အင်အားအခြေအနေအရဌာနကသာ တည်ဆောက်ပေးခြင်းမျိုးကို မလုပ်နိုင်တော့ခြင်းကြောင့် ထပ်ဆင့်ကန်ထရိုက်ပေးခဲ့ရခြင်းကို မလွှဲမရှောင် လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

“လုပ်ငန်းအပ်နှံသူသည် ပညာရေးဝန်ကြီးဌာန ဖြစ်ပြီးတော့ အပ်နှံသူအနေနဲ့ ဘဏ္ဍာရေးနှစ်အတွက် သုံးစွဲရမယ့် အသုံးစရိတ်ကို ဘဏ္ဍာရေးနှစ်မကုန်မီ သုံးစွဲခဲ့သည့်အတွက်ကြောင့် စာရင်းသဘောအရကြည့်လျှင် ၂၀၁၇-၁၈ ခု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေနဲ့ ညီညွတ်သည်ဟု တွေ့ရှိရသော်လည်းပဲ မြေပြင်လုပ်ငန်း ပြီးစီးမှုအခြေအနေနဲ့ကြည့်ပါက ညီညွတ်မှု ရှိမည်မဟုတ်ပါ။ ၎င်းကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတဲ့အခါမှာ ဖြေရှင်းတင်ပြရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ထပ်ဆင့်ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် လုပ်ငန်းလက်ခံသူဖြစ်သည့်အတွက် ဘတ်ဂျက်ပါ အသုံးစရိတ်ကို တိုက်ရိုက်တာဝန်ခံရမှု မရှိသော်လည်း လုပ်ငန်းများ အချိန်မီမပြီးမှုအတွက် ဖွဲ့စည်းထားသည့် ကော်မတီများ အပါအဝင် အခြေခံပညာရေး ဦးစီးဌာနနှင့် အဆောက်အအုံ ဦးစီးဌာနတို့က ပူးတွဲတာဝန်ရှိနေကြောင်း ၎င်းက ဆိုသည်။

ယခုကြုံတွေ့ရသည့် ဖြစ်စဉ်သည် အစိုးရဌာနအချင်းချင်း လုပ်ငန်းအပ်နှံလက်ခံရာတွင် အချိန်ကိုက်ဆောင်ရွက်နိုင်မှု အားနည်းခြင်း၊ အောက်ခြေသို့ လုပ်ပိုင်ခွင့် ခွဲဝေပေးမှု အားနည်းခြင်း၊ လုပ်ငန်းစဉ် အဆင့်ဆင့်အတွက် မလိုလားအပ်သည့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပွားခဲ့ရခြင်းနှင့် လုပ်ငန်းအပ်နှံစဉ်က စာချုပ်များတွင် အားနည်းချက်များရှိခြင်း၊ ငွေပေးချေမှုစနစ်များတွင် အားနည်းချက်များ ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းကလည်း မည်သည့်ဝန်ကြီးဌာနမှ ဝန်ထမ်းဖြစ်စေ ကုမ္ပဏီများနှင့် ပူးပေါင်း၍ အကျင့်ပျက်လာဘ်စားပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အကြောင်းကြားပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များသို့ မေတ္တာရပ်ခံသွားမည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စံချိန်၊ စံညွှန်းမမီသည့် အဆောက်အအုံများကို ပြန်လည်ပြုပြင်စေခြင်း၊ အရည်အသွေးမမီသည့် အဆောက်အအုံအချို့ကို ဖျက်သိမ်း၍ အသစ်ပြန်လည်တည်ဆောက်ခိုင်းခြင်းများ ဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။

အစီရင်ခံစာပါ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်သည့်ကိစ္စများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုဆွေးနွေးချက်များဖြစ်သည့် တင်ဒါစာချုပ်ပါစည်းကမ်းများအပြင် တရားဥပဒေ စည်းကမ်းအရပါ အရေးယူရန်ကိစ္စ၊ စံချိန်၊ စံညွှန်းပြည့်မီစေရေးအတွက် ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ရေးကိစ္စ၊ တင်ဒါရွေးချယ်မှုစနစ်များ ပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုချက်များကိစ္စ၊ လုပ်ငန်းအပ်နှံရာတွင် စာချုပ်၊ စာတမ်းများတွင် နောက်ကျဒဏ်ကြေး သတ်မှတ်မှု ဆောင်ရွက်ရန်ကိစ္စ၊ တင်ဒါရွေးချယ်ရေးစည်းကမ်းများ အရည်အသွေးပြည့်မီမှု ဆောင်ရွက်ရန်နှင့် တစ်ဆင့်ကန်ထရိုက်ပေးနေခြင်းကိစ္စများကို ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များဟာ အသေးစိတ်ကျပြီး လိုအပ်ချက်တွေကို ထောက်ပြဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးကိုလည်း မှတ်သားထားပြီးတော့ နောင် ဆက်လက်ဆောင်ရွက်မယ့် စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းကလည်း ကော်မတီအစီရင်ခံစာပါ တင်ပြချက်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တင်ပြအကြံပြုချက်များအတိုင်း လိုအပ်သလို ပြုပြင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

အစီရင်ခံစာပါ ကိစ္စများတွင် ဝန်ကြီးဌာနမှ ရှင်းလင်းပြောကြားချက်များသည် ရှင်းလင်းတိကျမှုမရှိပါက လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် မေးခွန်း သို့မဟုတ် အဆိုဖြင့် လွှတ်တော်သို့ တင်ပြနိုင်ကြောင်းနှင့် လွှတ်တော် ဥပဒေ၊ နည်းဥပဒေအရ ယင်းအစီရင်ခံစာကို အတည်ပြုကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

The Voice

0 comments:

Post a Comment