Tuesday, August 28, 2018

လုံခြုံရေးကောင်စီမှာ မြန်မာသံအမတ်ကြီး တင်ပြချက်


သြဂုတ်လ ၂၈ ရက်နေ့က အလှည့်ကျ ဥက္ကဌ ဗြိတိန်နိုင်ငံက ဦးစီးကျင်းပတဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးဖွင့် ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ် အကျပ်အတည်းမှာ အများမျှော်လင့်ထားသလို လုံခြုံရေးကောင်စီဘက်က ပိုပြီးဖိအားပေးလာနိုင်စရာ မရှိဘူးလို့မြင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက ဗွီအိုအေကို ပြောပါတယ်။

မြန်မာဘက်ကက တုန့်ပြန်ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီးကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းရာမှာ သူကအခုလို စပြောပါတယ်။
မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ဒီနေ့ကျနော်ပြောတာကတော့ အဓိက ကျနော်တို့ စုံစမ်းစစ်ဆေးရေး FFM report နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီအဖွဲ့ ဖွဲ့စည်းတာကို ကျနော်တို့ နဂိုကတည်းက အသိအမှတ်မပြုတာဖြစ်တဲ့အတွက် အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က မှတ်ချက်ပေးတာမရှိဘူး သို့သော်လည်း ကျနော်တို့ နဂိုကတည်းကကို ဒီအဖွဲ့ ဖွဲ့စည်းတာကို ကျနော်တို့က ဘက်လိုက်မှုကင်းတဲ့အဖွဲ့မဖြစ်နိုင်ဘူးလို့ ကျနော်တို့က ယူဆတဲ့အတွက် ကျနော်တို့လက်မခံဘူး။ အဲဒီတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အထူးသဖြင့် FFM report က စက်တင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ရမှာ။
သို့သော်လည်း အခုက ၂ ပတ်မကဘူး ၃ ပတ်လောက်ကြိုပြီးတော့မှ လုံခြုံရေးကောင်စီ အစည်းအဝေးမတိုင်ခင် ၁ ရက်အလိုမှာထုတ်ပြန်တာက ကျနော်တို့က ဒီအစီရင်ခံစာရဲ့ ရိုးသားမှုနဲ့ စိတ်ရင်းသဘောထားကို ကျနော်တို့သံသယရှိတယ်ဆိုတဲ့အချက်ကို ကျနော်တို့ပြောပြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက လူ့အခွင့်အရေးကောင်စီကို တင်ရမယ့် Report ကို ၂ ပတ်ကြိုပြီးတေတာ့ လုံခြုံရေးကောင်စီအစည်းအဝေး မလုပ်ခင်တရာက်မှာ ထုတ်ပြန်လိုက်တယ် အဲဒါကိုတော့ ကျနော်တို့ ထောက်ပြပါတယ်။ အဲဒီတချက်ရှိပါတယ် ကျန်တာကတော့ ကျနော်တို့လုပ်နေတဲ့ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်တာ၊ နောက်ပြီးတော့ MOU ထိုးပြီးတော့ ကျနော်တို့ UN အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ ဒီအချက်တွေကို ကျနော်တို့ ရှင်းပြပါတယ်။ ကျနော်တို့ဘက်က အဆင်သင့်ဖြစ်နေပြီ၊ အဆင်သင့်ဖြစ်တာကို လက်တွေ့အကောင်အထည်ဖော်ဖို့က ကျနော်တို့ဘက်က အဆင်သင့်ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က စပြီးတော့ ပို့ဖို့လိုတဲ့အကြောင်း နောက် UN အဖွဲ့ကနေပြီးတော့ စာရင်းကောက်ခံမှုတွေလုပ်ဖို့ကိစ္စတွေလည်း ကျေးရွာပေါင်း ၂၃ ရွာကိုလည်း သွားခွင့်ပေးထားပြီးပြီ အဲဒါကို စပြီးတော့ သွားဖို့လိုတဲ့အကြောင်း ဒါတွေကို ထပ်လောင်းပြီးတော့ ပြောတာပါ။ အဲဒီတော့ ဆွေးနွေးတာတွေကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့လုပ်နေတာတွေကို အသိအမှတ်ပြုတာတွေအများကြီး အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးပြောကြားတုံ့ပြန်တာတွေအများကြီးတွေ့ရပါတယ်။
အင်ကြင်းနိုင်။ ။ ဒီနေရမှာ အဓိကအချက်က ပြစ်မှုကျူးလွန်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တာဝန်ခံမှုရှိလာအောင် အရေးယူဆောင်ရွက်ဖို့ နိုင်ငံတကာက ဖိအားပေးပြောလာတဲ့အပေါ် အထူးသဖြင့် အမေရိကန်သံအမတ် Nikki Haley ပြောသွားတဲ့ အချက်တွေပေါ်မှာ သံအမတ်ကြီး ဘယ်လို မြင်လဲရှင့်။
မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကျနော်တို့က ပြည်တွင်းမှာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ထားပြီးပြီလေ။ အဲဒီကော်မရှင်ကလည်း ပြည်ပကနေပြီးတော့ ပညာရှင်တွေပါတာပဲ ။ သူက လွတ်လွတ်လပ်လပ်နဲ့ လုပ်ဆောင်မှာပါ။ လွတ်လွတ်လပ်လပ်လုပ်ဆောင်တာကို သူတို့က စောင့်ကြည့်မှာပဲ ကျနော်တို့ဘယ်လောက် လွတ်လွတ်လပ်လပ်လုပ်သလဲ ၊ ဘယ်လောက်တရားဥပဒေနဲ့အညီဆောင်ရွက်သလဲ သူတို့ကဒါကို စောင့်ကြည့်ကြပြီးတော့မှ လုပ်မှာပါ ပြောတဲ့လူတိုင်းကလည်း ဒီအချက်ကိုတော့ ထည့်ပြောကြတယ်လေ။ အဲဒီတော့ ပြည်တွင်းမှာ ပြည်တွင်းအစီအမံနဲ့ တရားဥပဒေနဲ့အညီလုပ်တာကို သူတို့လည်း အသိအမှတ်ပြုတယ်၊ ဘယ်လိုဆောင်ရွက်တယ်ဆိုတာကိုတော့ စောင့်ကြည့်မယ်ဆိုတဲ့ အနေအထားတော့တွေ့ရပါတယ်။
အင်ကြင်းနိုင်။ ။ အခု လုံခြုံရေးကောင်စီ မြန်မာ့အရေးဆွေးနွေးပွဲမှာ ICC ခုံရုံးကို တင်မယ့်ကိစ္စ လုံခြုံရေးကောင်စီအနေနဲ့ ထောက်ခံချက်ပေးဖို့၊ နောက် မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးဖို့ ဆိုတဲ့ အခြေအနေတွေ ဖြစ်လာနိုင်မလား။ ဒါမှမဟုတ် မြန်မာနိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခု လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင် ဆွေးနွေးသွားတဲ့ အချက်တွေပေါ်မှာ သံအမတ်ကြီး ဘယ်လို သုံးသပ်လဲရှင့်။
မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အခုကတော့ ပိုမိုပြီးတော့ ဖိအားပေးဖို့ကို ဒီနေ့အစည်းအဝေးကိုကြည့်ခြင်းအားဖြင့် မတွေ့ရဘူး။ မတွေ့ရဘူးဆိုတာကတော့ ကျနော်တို့ လုပ်ဆောင်တာတွေလည်း အသိအမှတ်ပြုပြီးတော့ အကုန်လုံးနီးပါးက အကုန်လုံးပါပဲ ပြောကြတဲ့ သဘောရှိတယ်။ ဆိုတော့ အရင်အစည်းအဝေးတွေနဲ့ စာရင်တော့ ဖိအားပေးမှာတွေ ပိုမိုပြီးတော့နည်းသွားတယ်လို့ ကျနော်တို့ကတော့ သုံးသပ်ပါတယ်။

VOA

0 comments:

Post a Comment