Tuesday, August 28, 2018

နိုင်ငံအတွက် အမျိုးသားကျောင်းဆရာများ ပိုမိုလိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပြည်တွင်းတွင် အမျိုးသားကျောင်းဆရာများ ရှားပါးနေပြီး နိုင်ငံအတွက် အမျိုးသားကျောင်းဆရာများ ပိုမိုလိုအပ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဩဂုတ်လ ၂၈ ရက်က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ကျင်းပသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်ရှိတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ ရသစာပေ စကားဝိုင်းတွင် ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စကားဝိုင်းတွင်ပါဝင်သည့် ပညာရေးတက္ကသိုလ် ကျောင်းသူတစ်ဦး၏ ကျောင်းတက်ဖြစ်ခဲ့ပုံနှင့် မေးမြန်းရာတွင်ဆက်စပ်၍ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင် အမျိုးသား ကျောင်းဆရာ ရှားပါးနေသည့်အတွက် အမျိုးသားများအနေနှင့်လည်း ပညာရေးတက္ကသိုလ်များသို့ တက်ရောက်ကာ ကျောင်းဆရာလုပ်ကြရန် တိုက်တွန်းပြောဆိုခဲ့သည်။

ထို့ပြင် ကျောင်းများတွင် ကျောင်းဆရာများသည် ဆရာမများထက် ကျောင်းသားများနှင့် ပိုမိုနီးစပ်မှုရှိသည်ကို တွေ့ရှိခဲ့ရပြီး ကျောင်းဆရာများကို ကျောင်းသား/သူများက ပိုသဘောကျသည်ကို တွေ့ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဆရာ၊ ဆရာမတွေအလုပ်က ပိုပြီးတော့ မွန်မြတ်ပါတယ်။ ရေတိုကော ရေရှည်အတွက်ကော ကောင်းပါတယ်။ အထူးသဖြင့် ယောကျာ်းလေး ကျောင်းဆရာတွေ ပိုပြီးတော့ လိုအပ်ပါတယ်။ အဲဒါကြောင့် ယောက်ျားလေးများ ကျောင်းဆရာ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကျောင်းဆရာအလုပ်ဆိုတာ အင်မတန်မှ မွန်မြတ်ပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ တပည့်လေးတွေကို ပြုစုပျိုးထောင်ခွင့်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေးမဟုတ်ဘူး။ ရာနဲ့ ထောင်နဲ့ ချီပြီး ပြုစုပေးနိုင်တယ်”ဟု ၎င်းကဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါအခမ်းအနားတွင် ပညာရေးနှင့် ပတ်သက်၍ စာကြည့်တိုက်များ မြှင့်တင်ပေးရေး၊ သင်ရိုးစနစ်များ အဆင့်မြှင့်တင်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းပြောကြားသွားခဲ့သည်။

စကားဝိုင်းတွင် တက္ကသိုလ်ကျောင်း ပေါင်းစုံမှကျောင်းသား ကျောင်းသူ ၂၀ ဦးကျော်ပါဝင်ခဲ့ပြီး အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူ/ကယ်/ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရေးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များနှင့် စာပေစကားဝိုင်းကို ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်ကလည်း မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း လေးသိန်းနီးပါးအထိရှိပြီး ကျောင်းဆရာမဦးရေ ရှစ်ဆယ် ရာခိုင်နှုန်းကျော်ရှိသည်။

The Voice

0 comments:

Post a Comment