Wednesday, August 29, 2018

လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်ကို တပ်မတော် အပြည့်အ၀ကူညီမည်


ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို တပ်မတော်အနေနဲ့  အပြည့်အဝကူညီဖို့ အသင့်ရှိတယ်လို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

ဖိလစ်ပိုင် သံအမတ်ကြီး ရိုဆာရီယို မယ်နာလို ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ကို မနေ့  သြဂုတ် ၂၉ ရက် မနက်က နေပြည်တော်မှာ လက်ခံ တွေ့ဆုံစဉ် ကတိပေး ပြောဆိုခဲ့တာလို့ တပ်မတော် သတင်းစဉ်မှာ ဖော်ပြပါတယ်။
တွေ့ဆုံရာမှာ ဒုကာကွယ်ရေး ဦးစီးချုပ်က ကော်မရှင်အဖွဲ့ကို ရခိုင်ပြည်နယ် ဖြစ်စဉ် ဖြစ်ရပ်သမိုင်းကြောင်းတွေနဲ့ ပတ်သက်လို့ အရင်ရှင်းလင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အကြမ်းဖက်မှု  ဖြစ်စဉ်ဖြစ်ရပ်တွေရဲ့ သက်သေ အထောက်အထား အချက်အလက်တွေကို   မနှစ်က မြန်မာပြည်ကို လာရောက်ခဲ့တဲ့ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီက သံတမန်တွေအပါအဝင်  ပြည်တွင်း၊ ပြည်ပမီဒီယာတွေထံ အချိန်နဲ့ တပြေးညီ ဖြစ်စဉ်အမှန်တွေသိရှိစေရေး ဖြန့်ဝေ ရှင်းပြခဲ့ပေမယ့် နိုင်ငံတကာက ယနေ့ အချိန်ထိ ဖြစ်စဉ်အမှန်တွေ သိရှိမှုအားနည်းနေတယ်လို့  ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။
သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုကတော့  ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ သက်သေခံအချက်တွေ အပေါ်မူတည်ပြီး မှန်ကန်မျှတတဲ့အဖြေကို ရှာဖွေ ဖော်ထုတ်ကာ နိုင်ငံတကာကို ဖြေရှင်းဆောင်ရွက်သွားမယ့်လို့ ဆွေးနွေးခဲ့ပါတယ်။
ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရခိုင်ပြည်နယ် ဖြစ်စဉ် ဖြစ်ရပ်အမှန် အချက်အလက်တွေ၊ ဓာတ်ပုံ အထောက်အထားတွေ၊ ရခိုင်ပြည်နယ်သမိုင်းကြောင်း ဆိုင်ရာ စာအုပ်တွေကို  လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်တွေထံ ပေးအပ်ခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ-The Mirror Daily
DVB

0 comments:

Post a Comment