Sunday, August 26, 2018

၂၀၁၉ ပညာသင်နှစ်၌ စတင်ဖွင့်လှစ်မည့် သူနာပြုသိပ္ပံ (ပေါင်းကူး) B.N.SC (Bridge) Program သင်တန်း တက်ရောက်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ် တာဝန်ထမ်းဆောင်ရမည်


လုပ်ငန်းခွင်မှသူနာပြုများ အဝေးသင်နည်းလမ်းဖြင့် သူနာပြုသိပ္ပံဘွဲ့ရရှိမည့် Campus B.N.SC (Bridge) Program ကို လာမည့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ရာ သင်တန်းတက်ရောက်ပြီးပါက နိုင်ငံ့ ၀န်ထမ်းအဖြစ် နှစ်နှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း  သူနာပြုတက္ကသိုလ် (ရန်ကုန်) မှ သိရသည်။

အဆိုပါသင်တန်းများကို ရန်ကုန်နှင့် မန္တလေးရှိ သူနာပြုတက္ကသိုလ်များတွင် စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သူနာပြု သိပ္ပံ(ပေါင်းကူး) B.N.SC (Bridge) Off Campus Program တစ်နှစ်သင်တန်းနှင့် နှစ်နှစ်သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အနည်းဆုံး သူနာပြုလုပ်သက်သုံးနှစ်ပြည့်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ဆဲ လုပ်ငန်းခွင်မှ သူနာပြုများဖြစ်ရမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ်ဆက်လက်တာဝန် ထမ်းဆောင်ရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပြီး သင်တန်းကိုပြီးဆုံးအောင် တက်ရောက် ခြင်းမရှိလျှင်သော်လည်းကောင်း၊ သင်တန်းပြီးဆုံးအောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်နှစ်ဆက်လက်တာဝန်ထမ်းဆောင်ခြင်း မရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသော သင်တန်းလျော်ကြေးငွေပေးဆောင်ရန် ကတိခံဝန်ချက် ချုပ်ဆိုရမည်ဖြစ်ကြောင်းနှင့် လက်ရှိသင်တန်းတက်ရောက် လိုသူများအတွက် လျှောက်လွှာများခေါ်ယူ ထားကြောင်း သိရသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်(ရန်ကုန်)က လုပ်ငန်းခွင်အတွင်းမှ သူနာပြုများ သူနာပြုသိပ္ပံ (ပေါင်း ကူး)သင်တန်းကို လုပ်ငန်းခွင်မပျက် အဝေးသင်နည်းလမ်းဖြင့် သင်ယူနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်မှစတင်၍ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး လာမည့် ၂၀၁၉ ခုနှစ်တွင် သင်တန်းများစတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
“ဒီသင်တန်းကို သူနာပြုတက္ကသိုလ်နဲ့အတူ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာရှိတဲ့ သူနာပြုသင်တန်းကျောင်းတွေနဲ့ ချိတ်ဆက်ဖွင့်လှစ်သွားမှာပါ။ သင်တန်းကာလနှစ်နှစ် အတွင်း Semester ခြောက်ခု၊ Module ခုနစ်ခုနဲ့ ပို့ချသွားဖို့ရှိပါတယ်။ သင်တန်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက အဆိုပြုလာတဲ့ သင်တန်းသားတွေထဲက လိုအပ်ချက်နဲ့ လေ့ကျင့်မှုပေးနိုင်မှုအပေါ် မူတည်ပြီး အရေအတွက် ကန့်သတ်ရွေးချယ်သွားမှာပါ” ဟု သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် သူနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်။ ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သောအချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံးသုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပါမည်ဟုဝန်ခံကတိလက်မှတ်ရေးထိုးရမည်။ ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၄၀၀၀၀၀ (ကျပ်လေးသိန်း) တိတိကို ပေးလျော်ရန်နှင့် တည်ဆဲတရားဥပဒေအရ အရေးယူခြင်းကိုလည်း ခံရမည်ဖြစ်ကြောင်း ပါဝင်ပြီးဖြစ်သည်။

0 comments:

Post a Comment