Tuesday, August 28, 2018

ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြပွဲဦးဆောင်သူကို ငြိမ်းစုစီဥပဒေဖြင့် အရေးယူ


ပြည်တက္ကသိုလ် ပါမောက္ခချုပ် နုတ်ထွက်ပေးရေး ဦးဆောင်ဆန္ဒဖော်ထုတ်ခဲ့သူ တက္ကသိုလ်ကျောင်းသားကို ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်မြို့နယ်၊ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဩဂုတ်လ ၂၇ ရက်နေ့က ပြည်တက္ကသိုလ်ကျောင်းဝင်းအတွင်း ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မကွေး၊ ပခုက္ကူမြို့တို့ရှိ တက္ကသိုလ်များမှ ကျောင်းသားသမဂ္ဂအဖွဲ့များနှင့် ပြည်နည်းပညာတက္ကသိုလ်မှ ကျောင်းသားအချို့တို့ကလည်း လာရောက်ဝန်းရံခဲ့သည်။

“အမှုဖွင့်ထားပြီလို့တော့ သိရတယ်။ ကျွန်တော့်ဆီတော့ အကြောင်းကြားစာတွေ ဘာတွေရောက်မသေးဘူး။ ကျွန်တော်တို့ ဒါက ကျောင်းဝင်းထဲမှာပဲ ပညာရေးဝန်ကြီးဌာနနဲ့ ကျောင်းသားနဲ့ဖြစ်တဲ့ကိစ္စ ပြည်ထဲရေးက ဘာလို့ကြားဝင်တာလည်း ကျွန်တော်လည်းနားမလည်ဘူး။ တရားစွဲရင်လည်း လုပ်ရဲရင်ခံရဲတယ်”ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမြတ်မင်းထက်က ပြောဆိုသည်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သပိတ်စခန်းနှစ်ရက်ဖွင့်ခဲ့စဉ်က ပြည်ထဲရေးက ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိခဲ့ဘဲ ယခုကဲ့သို့ တရားစွဲသည့်ကိစ္စအတွက် မည်သည့်မှတ်ချက်မှ ပေးစရာမရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ ပါ ပြဋ္ဌာန်းထားသည့် လမ်းလျှောက်ဆန္ဒထုတ်ဖော်မည့် အကြောင်းအရာနှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးထံသို့ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ စာဖြင့် ပေးပို့ရန် ပျက်ကွက်ခဲ့သည့်အတွက် အမှုဖွင့် အရေးယူရခြင်းဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ကိုမြတ်မင်းထက်သည် ပြည်တက္ကသိုလ် ဘူမိဗေဒ စတုတ္ထနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး ပြည်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် ၂၀၁၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ် ၂ နှစ်ကြာတာဝန် ထမ်းဆောင်ခဲ့ပြီး ယခုပြန်လည်ရွေးကောက်ဖွဲ့စည်းမှုတွင် သမဂ္ဂ၏အကြံပေး ကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ပြည်မြို့အမှတ် (၁) ရဲစခန်းက (ပ) ၄၀၈/၂၀၁၈ ငြိမ်းစုစီပုဒ်မ (၁၉) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

The Voice

0 comments:

Post a Comment