Wednesday, August 29, 2018

ဧရာဝတီတံတား (မကွေး)မှ သံတိုင်များလှုပ်ခါခြင်း မူမမှန်သည့်လေတိုက်နှုန်းကြောင့်ဟုဆို


မကွေးနှင့် မင်းဘူးမြို့တို့ကို ဆက်သွယ်ထားသည့် ဧရာဝတီမြစ်ကူးတံတား၏ သံတိုင်များ လှုပ်ခါနေမှုဖြစ်ပွားခြင်းသည် မူမမှန်သည့် လေတိုက်နှုန်းကြောင့်ဖြစ်ကြောင်း လမ်းဦးစီးဌာနက ထုတ်ပြန်သည်။
ထိုသို့သံတိုင်များ လှုပ်ခတ်နေမှုကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ ပညာရှင်များ၊ မကွေးတိုင်းဒေသကြီးမှ စစ်ဆေးရေးအဖွဲ့များနှင့် တံတားဦးစီးဌာနမှ ပညာရှင်များက စစ်ဆေးခဲ့ပြီးနောက် ထိုသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုတံတားမှ သံတိုင်များလှုပ်ခါနေသည်ကို ဇူလိုင်လအတွင်းက လူမှုကွန်ရက် အသုံးပြုသူတစ်ဦးမှ အွန်လိုင်း အသုံးပြုသူများထံ မျှဝေခဲ့သည့်အတွက် တံတားကို သုံးလကြာပိတ်မည်ဟု သတင်းများထွက်ပေါ်လာခြင်းမှာ ကောလာဟလများသာဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲမင်းဇော်က ပြောကြားသည်။

“ယာယီပိတ်ပြီးပြုပြင်မှုတွေ လုပ်မယ်ဆိုတာ မဟုတ်ပါဘူး။ အနည်းငယ် ပြင်ဆင်ရမယ်ဆိုရင်တောင် တံတားကြီးကိုပိတ်မှာ မဟုတ်ပါဘူး။ လောလောဆယ် အန္တရာယ်ရှိတဲ့အနေအထား မရှိသေးဘူး။ အခုလှုပ်တဲ့ဟာကို ပြင်မယ်ဆိုရင်တောင် တံတားကိုမပိတ်ပါဘူး။ ပုံမှန်သွားလာလို့ ရပါတယ်”ဟု မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးကဆိုသည်။

ဧရာဝတီတံတား (မကွေး)ပေါ်ရှိ သံတိုင်ကြီး ၅ တိုင်ခန့် လှုပ်ခါနေခြင်းမှာ ယာဉ်များ ဖြတ်သန်းခြင်းနှင့် လေတိုက်ခတ်နှုန်းနည်းခြင်း၊ များခြင်းကြောင့် မဟုတ်ဘဲ မူမမှန်သည့်လေတိုက်နှုန်းကြောင့်သာဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ပညာရှင်များနှင့်ပူးပေါင်းကာ အဆိုပါတံတားကြီး၏ ကြံ့ခိုင်မှုများကို ထပ်မံစစ်ဆေးမည်ဖြစ်ပြီး အန္တရာယ်ရှိနိုင်သည့် အခြေအနေများ တွေ့ရှိပါက ပြည်သူများထံ အသိပေး ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လမ်းဦးစီးဌာနထံမှ သိရသည်။

အဆိုပါ ဧရာဝတီတံတား (မကွေး)ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၀၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် တည်ဆောက်မှုပြီးစီးခဲ့သည်။

The Voice

0 comments:

Post a Comment