Monday, August 27, 2018

ဗိုလ်ချုပ်ဟောင်းများ ပါဝင်မည့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ကော်မရှင်တွင်လျှောက်

ဗိုလ်ချုပ်ဟောင်းများ ပါဝင်လာမည့် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ခွင့်ကို ယခုရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ လာရောက်လျှောက်ထားခဲ့ကြောင်း အဆိုပါကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြော ကြားသည်။
ယခင်အစိုးရ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင် (အငြိမ်းစားဗိုလ်ချုပ်)၊ စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်တို့ ပါဝင်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့ လာရောက်လျှောက်ထားခဲ့ပြီး ကော်မရှင်က စိစစ်နေကြောင်း ၎င်းက အတည်ပြုသည်။

အဆိုပါ ပါတီအသစ်ကို အမျိုးသား နိုင်ငံရေးပါတီအမည်ဖြင့် လျှောက်ထားခဲ့ ခြင်းဖြစ်သည်ဟု ၎င်းက အတည်ပြုပြောဆိုသည်။

“လက်ရှိမှာတော့ စိစစ်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လျှောက်တာပါ”ဟု ၎င်းကဆိုသည်။

ဦးစိုးမောင်သည် ယခင် သမ္မတရုံး ဝန်ကြီးဟောင်းတစ်ဦးဖြစ်သလို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟို ဦးဆောင်ကော်မတီတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

ဦးစိုးမောင်သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်လည်း ကြံ့ခိုင်ရေးပါတီကိုယ်စားပြု ရေစကြို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း NLD ပါတီကိုယ်စားပြု ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။

ဦးလွန်းမောင်သည် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စာရင်းစစ်ချုပ်တာဝန်မှ ရပ်ဆိုင်းခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်တွင် ဦးလွန်းမောင်သည် မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် အောင်ပြည့်စုံအမည်ဖြင့် ထမင်းဆိုင်ဖွင့်ကာ ရိုးရိုးရှင်းရှင်း နေထိုင်မှုကြောင့် လူမှုကွန်ရက်တွင် စိတ်ဝင်စားမှု ခံခဲ့ရသူလည်း ဖြစ်သည်။

The Voice

0 comments:

Post a Comment