Wednesday, August 29, 2018

သရုပ်​​ဆောင် အောင်ရဲထွေး အသတ်ခံရသည့်​အမှု ရုပ်သိမ်းထားခြင်းကို အတည်ပြုသင့် မပြုသင့် ရန်​ကုန်​တိုင်း​ဒေသကြီး တိုင်းတရားလွှတ်​​တော်​တွင်​ နှစ်ဖက်လျှောက်လဲချက် ကြားနာ


သရုပ်ဆောင်​ အောင်ရဲထွေး အသတ်ခံရသည့်​အမှု ရုပ်သိမ်းထားခြင်းကို အတည်ပြုသင့် မပြုသင့်ကို သြဂုတ် ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော်တွင်​ နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့​ကြောင်း သိရသည်​။

သရုပ်​ဆာင်​​ အောင်​ရဲ​ထွေး အသတ်​ခံရသည့်​အမှုမှ ပြင်​ဆင်​ချက်​​ လျှောက်​ထားခံရသူ အမျိုးသား သုံးဦးကို သြဂုတ်​၂၉ ရက်​က ရန်​ကုန်​တိုင်း​ဒေသကြီး တိုင်းတရားလွှတ်​​တော်​သို့ ဆင့်​​ခေါ်ခဲ့ပြီး နှစ်​ဖက်​​လျှောက်​လဲချက်​ ကြားနာခဲ့ခြင်း ဖြစ်​သည်​။
ထိုသို့ နှစ်ဖက်လျှောက်လဲချက် ကြားနာရာတွင်​ ပြင်​ဆင်​ချက်​​ လျှောက်​ထားခံရသူ အမျိုးသား သုံးဦး လာရောက်ကြားနာခြင်း မရှိဘဲ ၎င်းတို့၏ မိသားစုဝင်​များ တရားခွင်သို့ လာရောက်​ကာ ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ခြင်း ဖြစ်​သည်​။
“ဒီအမှုကို ဥပဒေချုပ်ရုံးရဲ့ အကြံပြုချက်အရ အရှေ့ပိုင်းခရိုင် တရားရုံးက ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က) အရ အမှု ရုပ်သိမ်းပေးခဲ့တယ်။ ဒါကို ဥပဒေချုပ်ရုံးကပဲ အမှုပြင်ဆင်ချက် ပြန်တင်သွင်းခဲ့တယ်။ အမှုရုပ်သိမ်းတာ ပြန်ပြင်ဆင်တာကို ဥပဒေရုံးကပဲ လုပ်ခဲ့တာ။ တရားရုံးဘက်က မမှားဘူး။ အဲဒါကြောင့် ဒီပြင်ဆင်ချက်ကို ပလပ်သင့်ပါတယ်”ဟု ပြင်​ဆင်​ချက်​​ လျှောက်​ထားခံရသူ အမျိုးသားသုံးဦး၏ ရှေ့နေ ဦးချစ်ကိုကိုက ရန်​ကုန်​တိုင်း​ဒေသကြီး တိုင်းတရားလွှတ်​​တော်​တွင်​ လျှောက်ထားခဲ့သည်။
ထို့ပြင်​ နိုင်ငံတော်ဘက်မှ ဥပဒေအရာရှိကလည်း အောင်ရဲထွေး အသတ်ခံရမှုမှာ စွဲချက်မတင်မီ အမိန့်ချခဲ့ခြင်း၊ အဆိုပါအမှုမှာ လူအများ စိတ်ဝင်စားသည့် အမှုဖြစ်ခြင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေခြင်းနှင့် ယင်းအမှု ရုပ်သိမ်းခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ လုပ်ပိုင်ခွင့်အရ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ ပြင်ဆင်ချက် တင်သွင်းခဲ့ခြင်းမှာ ဥပဒေနှင့် ညီညွတ်သောကြောင့် ပြင်ဆင်ချက်ကို အတည်ပြုသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော် တရားသူကြီး ဒေါ်သင်းသင်းနွဲ့ထံ လျှောက်ထားခဲ့သည်။
သရုပ်​​ဆောင်​ ​အောင်​ရဲ​ထွေး အသတ်​ခံရသည့်​အမှုမှာ ​တရားစီရင်ရေးအပေါ် ဝေဖန်မှုများ မြင့်တက်လာခြင်း​ကြောင့်​ အမှုရုပ်သိမ်းထားခြင်းကို အတည်ပြုသင့်​ မပြုသင့်​ လာမည့် တစ်ပတ်အတွင်း အမိန့်ချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံမှ စုံစမ်းသိရသည်။
Facebook ပေါ်တွင်​ ဟာသဗီဒီယိုများ တင်ရာမှ လူသိများလာခဲ့သည့်​ ဟာသသရုပ်ဆောင် အောင်ရဲထွေးသည်​ နှစ်သစ်ကူးညက The One Entertainment တွင်​ ပြုလုပ်သည့် ဖျော်ဖြေရေးပွဲ သွားရောက်​ခဲ့ရာ အမည်မသိ လူတစ်စု၏ ၀ိုင်းဝန်းရိုက်နှက် ခံခဲ့ရခြင်းဖြစ်ပြီး ရိုက်နှက်ခံရခြင်း​ကြောင့် ဦးခေါင်းခွံ ကြေမွဒဏ်ရာ ရရှိခဲ့ကာ ရန်ကုန်ဆေးရုံကြီး၌ ဇန်န၀ါရီ ၂ ရက် ညနေက သေဆုံးခဲ့ခြင်း ဖြစ်​သည်။
ဖြစ်စဉ်နှင့်​ ပတ်သက်ပြီး အုပ်စုဖွဲ့ရိုက်နှက်သူများကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇောဟန် (ခ) ကျော်ဇော တို့ဖြစ်ကြောင်း သိရပြီး ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်​။ ဖြစ်​စဉ်​နှင့်​ ပတ်သက်၍ သုဝဏ္ဏရဲစခန်းက ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ခဲ့ကာ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင်​ အမှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုကို တရားလိုဘက်မှ အမှုပြန်လည် ရုပ်သိမ်းခဲ့ပြီး တရားလိုပြ သက်သေ ၂၂ ဦး အနက် ၁၄ ဦးမှာ ထွက်ဆိုချက်ပေးခဲ့ပြီး နောက်ခိုင်လုံသည့်​ သက်သေထွက်ဆိုချက် ပေါ်ပေါက်ခြင်း မရှိဟူဆိုကာ ပြစ်မှုကျူးလွန်သူ သုံးဦးကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်​သည်​။

0 comments:

Post a Comment