Tuesday, August 28, 2018

မုတ်သုံလေ စက်တင်ဘာ ဒုတိယပတ် စတင်ဆုတ်ခွာမည်

အနောက်တောင်မုတ်သုံလေသည် မိုးနှောင်းကာလ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှ စတင်ဆုတ်ခွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
မုတ်သုံလေသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း၊ အလယ်ပိုင်းဒေသတွင် စက်တင်ဘာလ၂၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အတွင်းနှင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှမူ အောက်တိုဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အတွင်း ဆုတ်ခွာနိုင်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

“ပုံမှန်ရက်တွေထက် အရမ်းနောက်ကျတာ စောလွန်းတာ မရှိပါဘူး”ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောဆိုသည်။

၁၉၈၁ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ ပျမ်းမျှတွက်ချက်ထားမှုများအရ အနောက်တောင်မုတ်သုံလေသည် မေလ၌စတင်ဝင်ရောက်ပြီး စက်တင်ဘာလအတွင်း၌ ဆုတ်ခွာလေ့ရှိကြောင်း၊ သို့သော် ၁၉၆၁ ခုနှစ်မှ ၁၉၉၀ ပြည့်နှစ်အထိ နှစ်ပေါင်း ၃၀ ကာလနှင့် နှိုင်းယှဉ်ပါကမူ မုတ်သုံလေ ဝင်ရောက်သည့်ရက်များ နောက်ကျပြီး ဆုတ်ခွာချိန်စောသည်ကို တွေ့ရှိရကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။ 

ထို့ပြင် မိုးနှောင်းကာလဖြစ်သည့် (စက်တင်ဘာလ)အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

The Voice

0 comments:

Post a Comment