Tuesday, August 28, 2018

ဒေါ်လာငွေကြေးအပေါ် မှီခိုနေရမှု လျှော့ချရန် အကြံပြု


နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေဖို့ အမေရိကန် ဒေါ်လာငွေကြေးအပေါ် မှီခိုနေတာ လျှော့ချရေး အပါအဝင် အချက် ၄ ချက်ကို ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုင်ငံတော်ကို တင်ပြခဲ့တယ်လို့ အသင်းချုပ်က ထုတ်ပြန်ပါတယ်။

မနေ့က နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ အကြံပြုခဲ့တာလို့ ဆိုပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ပို့ကုန်မြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနဲ့ ဒေါ်လာအပေါ် မှီခိုနေတာကို လျှော့ချဖို့  အဓိကထား ဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းလိုက်တာပါ။
“နိုင်ငံခြားသုံးငွေ လဲလှယ်မှုနှုန်း ကျဆင်းတာဟာ ပုံမှန်အားဖြင့် ပို့ကုန် တိုးတက်လာနိုင်စေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်လည်း အချိန်တိုအတွင်း နိုင်ငံခြားငွေ လဲလှယ်မှုနှုန်း အတက်အကျ ကြမ်းတာဟာ ပြည်တွင်း စီးပွားရေးကို ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်စေပါတယ်” လို့ ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောပါတယ်။
ပို့ကုန်မြှင့်တင်ရေးအတွက် ပို့ကုန် Supply Chain တခုလုံးကို ပြန်လည် သုံးသပ်ပြုပြင်ဖို့၊ ဝယ်လိုအား အခြေခံ စိုက်ပျိုးရေးမူဝါဒကို ကျင့်သုံးဖို့၊ ပို့ကုန် အထောက်အကူပြုဘဏ် လုပ်ငန်းတွေ ဆောလျင်စွာ အကောင်အထည်ဖော်ပေးဖို့နဲ့ အလားအလာရှိတဲ့ ထွက်ကုန်တွေကို အခွန် ဆွဲဆောင်မှုပေးဖို့ အကြံပြုပါတယ်။
ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ငန်းပိုမိုတိုးချဲ့ ခွင့်ပြုပေးဖို့၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဆီမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အဆိုပြုတင်ပြထားတဲ့ ရင်းနှီးငွေတွေ လက်တွေ့အမှန်တကယ် ဝင်ရောက်ရေး ဆောင်ရွက်ဖို့ သူက တင်ပြပါတယ်။
ပြီးတော့ သွင်းကုန်အစားထိုးတဲ့ လုပ်ငန်းတွေဟာ ပို့ကုန်သွင်းကုန် ကွာဟချက်ကို လျှော့ချ ပြီး အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေတဲ့အတွက် အလေးပေး အားပေးဆောင်ရွက်ဖို့ လိုအပ်ပြီး တချိန်တည်းမှာပဲ  တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် ကာကွယ် တားဆီးဖို့ကိုလည်း တင်ပြခဲ့ပါတယ်။
ပြည်တွင်းမှာ ဒေါ်လာနဲ့ ဈေးနှုန်းသတ်မှတ်တာ၊ ရောင်းဝယ်တာ၊ ပေးချေတာတွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကြပ်မတ်ဖို့၊ ကုန်သွယ်ရာမှာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ငွေကြေးတွေနဲ့ ကုန်သွယ်နိုင်ဖို့အတွက် အမြန်ဆုံးဆောင်ရွက်ပြီး ဒေါ်လာအပေါ် မှီခိုနေရတာကို လျှော့ချဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
လတ်တလော မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းတွေဟာ စံချိန်တင် မြင့်တက်နေရာမှာ ဒီကနေ့ ပုဂ္ဂလိကဘဏ်တွေမှာ ဒေါ်လာဝယ်ဈေး ၁ ဒေါ်လာကို ၁၅၄၅ ကျပ်ကနေ ၁၅၄၉ ကျပ်၊  ရောင်းဈေး ၁ ဒေါ်လာကို ၁၅၅၈ ကျပ်ကနေ ၁၅၆၅ ကျပ်လောက်ထိ ဈေးပေါက်နေပါတယ်။
ပြင်ပ ငွေလဲကောင်တာတွေမှာတော့ ဝယ်ဈေး ၁၅၄၅ ကျပ်၊ ရောင်းဈေး တဒေါ်လာကို ၁၅၅၅ ကျပ်ဝန်းကျင် ရှိပါတယ်။

DVB

0 comments:

Post a Comment