Tuesday, August 28, 2018

စစ်တွေ၌ တန်ချိန်နှစ်သောင်း ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းဆောက်ရန် ခွင့်တောင်း


ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အစိုးရပိုင် ဆိပ်ကမ်းနှစ်ခုသာရှိပြီး သင်္ဘောတစ်စင်းတည်းသာ ဆိုက်ကပ်နိုင်သောကြောင့် ဆိပ်ကမ်းအသစ်များကို ရင်းနှီးမြှုပ်နှံမည့် သူများရှိပါက (PPP- Public–Private Partnership) စနစ်ဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးရန် ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းက တင်ပြထားကြောင်း ယင်းအသင်းထံမှ သိရသည်။
စစ်တွေမြို့တွင် အစိုးရပိုင်ဆိပ်ကမ်းအဖြစ် ဖောင်တော်ကြီးဆိပ်ကမ်းနှင့် ရွှေမင်းဂံ ဆိပ်ကမ်းနှစ်ခုသာရှိပြီး ယင်းဆိပ်ကမ်းများတွင် သင်္ဘောတစ်စင်းတည်းသာ ဆိုက်ကပ်နိုင်ကာ တန် ၁၀၀၀ ဆံ့သည့် ကုန်အတင်တစ်ခုတည်းပြုလုပ်ပါက ၁၀ ရက်ခန့် ကြာမြင့်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောကြားသည်။

စစ်တွေမြို့တွင် တစ်လလျှင် ကမ်းရိုးတန်းသွား သင်္ဘောများ ၁၅ စင်းခန့် အဝင်ရှိ၍ ယင်းကုန်သင်္ဘောများအတွက် ဆိပ်ကမ်းအရေအတွက် နည်းပါးသောကြောင့် ရေအလယ်တွင် မော်တော်များအသုံးပြု၍ ကုန်တင်ကုန်ချပြုလုပ်ရသဖြင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ ကုန်ကျစရိတ်များ မြင့်တက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။ 

ဆိပ်ကမ်းများတွင်လည်း တံတားပေါ်သို့ ကုန်စည်တင်ဆောင်သည့်ကားများ တက်ခွင့်မရှိဘဲ ခေါက်တိုကားလေးများဖြင့် တစ်ဆင့်ပြောင်း၍ သယ်ယူရသောကြောင့် ကုန်ကျစရိတ်များ အပိုကုန်ကျသည့်အပြင် ကုန်ပစ္စည်းတန်ဖိုးများလည်း မြင့်တက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းထံမှ သိရသည်။

အဆိုပါဆိပ်ကမ်းများကို ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် စက်ကိရိယာများအသုံးပြုခြင်း၊ တံတားပေါ်သို့ ကားများတက်ရောက်၍ ပစ္စည်းတင်ဆောင်ပါက ကုန်ကျစရိတ်သက်သာလာနိုင်ခြင်းတို့ ရှိနိုင်သည့်အတွက် တန်ချိန် ၂၀၀၀၀ အထိတင်နိုင်သည့် ဆိပ်ကမ်းအသစ်ကို PPP စနစ်ဖြင့် ခွင့်ပြုပေးရန် တင်ပြခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှသိရသည်။

The Voice

0 comments:

Post a Comment