Tuesday, August 28, 2018

NLD ပါတီ ရေဖြူမြို့နယ် အလုပ်အမှုဆောင်တစ်ဦး တာဝန်မှ ရပ်ဆိုင်းခံရ

တနင်္သာရီတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရေဖြူမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကို ဩဂုတ်လ ၁၈ ရက်က တာဝန်မှ ရပ်ဆိုင်းလိုက်သည်။
NLD ပါတီ တိုင်းအလုပ်အမှုဆောင်အဖွဲ့က ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

NLD ပါတီ အစည်းအဝေးတစ်ခုတွင် အစိုးရဘတ်ဂျက်ကို သုံးစွဲရာတွင် တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန် မလိုအပ်ကြောင်း ပါတီတိုင်းဥက္ကဋ္ဌက ပြောဆိုခဲ့မှုအပေါ် အပြန်အလှန်ဆွေးနွေးရာမှ အငြိုးထားခံရကာ ရာထူးမှ ရပ်ဆိုင်းခံရသည်ဟုယူဆကြောင်း ရေဖြူမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခံရသည့် ဦးမောင်မောင်ဦးက ဆိုသည်။

၎င်းသည် ရပ်/ကျေးညီလာခံ၊ မြို့နယ်ညီလာခံ စသည့် ညီလာခံအဆင့်ဆင့်မှ ရွေးချယ်တင်မြှောက်ခံရသည့် အလုပ်အမှုဆောင်တစ်ဦးဖြစ်သော်လည်း တာဝန်မှ အလွယ်တကူ ရပ်ဆိုင်းခံလိုက်ရကြောင်း ၎င်းက ဆိုသည်။

ဦးမောင်မောင်ဦးသည် ၂၀၀၉ ခုနှစ်တွင် NLD ပါတီသို့ စတင် ဝင်ရောက်ခဲ့သူဖြစ်သည်။

“လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က ဖုံးလွှမ်းပြီး အရေးပေါ်အစည်းအဝေးတွေခေါ်ပြီး လူတစ်ယောက်ကို ဖြုတ်ချင်ရင် အလွယ်ဆုံးပါတီဖြစ်နေတယ်”ဟု ဦးမောင်မောင်ဦးက ပြောကြားသည်။

မြို့နယ်အလုပ်အမှုဆောင် တာဝန်မှ ရပ်ဆိုင်းလိုက်သည့်ကိစ္စကို ဩဂုတ်လ ၂၅ ရက်အထိ ကာယကံရှင်ထံ စာပို့အကြောင်းကြားခဲ့ခြင်းမရှိဘဲ ရေဖြူမြို့နယ် အလုပ်အမှုဆောင် အဖွဲ့ဝင်အချို့ထံမှတစ်ဆင့် သိရကြောင်း ဦးမောင်မောင်ဦးက ပြောဆိုသည်။

မြို့နယ်အဆင့် အလုပ်အမှုဆောင်တစ်ဦးကို တာဝန်မှရပ်ဆိုင်းရန် တိုင်းအလုပ်အမှုဆောင်အဖွဲ့တွင် တရားဝင်လုပ်ပိုင်ခွင့် မရှိကြောင်း NLD ပါတီ တိုင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ဝင် ဦးသိန်းစိုးက ပြောကြားသည်။

“တိုင်းအလုပ်အမှုဆောင်ကနေ အပြစ်ပေးအရေးယူတယ်ဆိုတာ တကယ်ကတော့ စည်းကျော်ဘောင်ကျော် လုပ်တယ်လို့ပဲ သတ်မှတ်လို့ရတယ်”ဟု ဦးသိန်းစိုးက ဆက်လက်ပြောဆိုသည်။

ပါတီအလုပ်အမှုဆောင်တစ်ဦးကို အရေးယူမည်ဆိုပါက စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံ တင်ပြရမည်ဖြစ်ပြီး ယင်းအဖွဲ့ကသာ စိစစ်အရေးယူမှုများ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ပါတီသိက္ခာကျစေမည့် ပြောဆိုမှုများရှိပါကလည်း အရေးယူခြင်းထက် ပါတီတွင်းညီညွတ်မှုရှိရန်၊ ပူးပေါင်းဆောင်ရွက်မှုရှိရန် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်သင့်ကြောင်း ဦးသိန်းစိုးက ဆိုသည်။

တာဝန်မှ ရပ်ဆိုင်းခံရသည့် ဦးမောင်မောင်ဦးသည် အစိုးရအဖွဲ့က လက်ရှိ အကောင်အထည်ဖော်နေသည့် ကိစ္စအချို့ကို စေတနာဖြင့် ထောက်ပြပြောဆိုရာတွင် အတိုင်းအတာလွန်ကာ ပြောဆိုမှုများရှိကြောင်း NLD ပါတီ ရေဖြူမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအောင်စိုးသူက ပြောကြားသည်။

“နိုင်ငံရေးအတွေးအခေါ်ရှိပြီး လက်ရှိ ဖြစ်၊ ပျက်နေတဲ့အပေါ်မှာ ဖြစ်စေချင်လွန်းတဲ့ စေတနာရှိပါတယ်”ဟု ဦးအောင်စိုးသူက ဆက်လက်ပြောဆိုသည်။

ယင်းသို့ တာဝန်မှရပ်စဲသည့် ကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌဖြစ်သည့် ဦးအောင်စိုးထံ ဆက်သွယ်မေးမြန်းရာ အင်တာဗျူး မဖြေလိုကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

“ပါတီကို ဒီအတိုင်း မဖြစ်စေချင်ဘူး၊ ပါတီရဲ့ မူဝါဒနဲ့အညီ အပြန်အလှန် ထိန်းညှိပြောဆိုဖို့ အခွင့်အရေးတွေလည်း ရှိရမယ်၊ တစ်ယောက်ကိုတစ်ယောက် လေးစားပြီးတော့ပေါ့”ဟု ဦးမောင်မောင်ဦးက ပြောဆိုသည်။

NLD ပါတီ တနင်္သာရီတိုင်း တွဲဖက်အတွင်းရေးမှူးလည်းဖြစ် တိုင်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်သည့် ဦးအေးနိုင်ကမူ ရေဖြူမြို့နယ် အလုပ်အမှုဆောင်အဖွဲ့က တိုင်း အလုပ်အမှုဆောင်အဖွဲ့ထံ တင်ပြသည့်အတွက် တိုင်းအလုပ်အမှုဆောင်အဖွဲ့က ကိုင်တွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

“အလုပ်အမှုဆောင်အဖွဲ့ အဆင့်ဆင့်ကနေ စစ်ဆေးအရေးယူ အပြစ်ပေးလို့ ရပါတယ်၊ ကျွန်တော်တို့ဆီမှာ စည်းကမ်းရှိပါတယ်”ဟု ဦးအေးနိုင်က ပြောသည်။

အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ပိုင်ခွင့်နှင့်ပတ်သက်ပြီး စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အတွင်းတွင်ပင် ဝိဝါဒ ကွဲနေသည့် သဘောဖြစ်သည်။

ဦးမောင်မောင်ဦးအား တာဝန်မှရပ်ဆိုင်းသည့် အကြောင်းအရင်းအား မေးမြန်းရာ “ပါတီတွင်းကိစ္စမို့လို့ ပြောလို့ရမှာ မဟုတ်ပါဘူး”ဟု ဦးအေးနိုင်က ဆိုသည်။

ယင်းသို့ ဦးမောင်မောင်ဦးအား တာဝန်မှ ရပ်ဆိုင်းသည့်ကိစ္စ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် အလုပ်အမှုဆောင် အဖွဲ့တို့၏ လုပ်ပိုင်ခွင့်ကိစ္စ ဝိဝါဒ ကွဲပြားမှုနှင့်ပတ်သက်ပြီး မေးမြန်းရန် NLD ပါတီ၏ ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်၊ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးဉာဏ်ဝင်းထံ ဩဂုတ် လ ၂၅ ရက် ညက ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စအား မသိရှိသေးသောကြောင့် မဖြေဆိုနိုင်ကြောင်း ပြောကြားသည်။

Dawei Watch

0 comments:

Post a Comment