Monday, August 27, 2018

"တပ်မတော်နှင့်ပတ်သက်သည့်Facebook Accountများနှင့်Facebook Pagesများ ဖယ်ရှားခံရမှုFacebook Teamသို့ မေးမြန်းထားကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြား"



တပ်မတော်နှင့်ပတ်သက်သည့်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ လူမှုကွန်ရက်စာမျက်နှာများကို အမေရိကန် အခြေစိုက် လူမှုကွန်ရက်ကုမ္ပဏီမှ ဖယ်ရှားပစ်လိုက်ကြောင်း ယနေ့ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် တပ်မတော်နှင့်ပတ်သက်သည့်Facebook Account ၁၈ ခု၊ Facebook Pages ၅၂ ခုကို ဖယ်ရှားလိုက်ကြောင်း ပါဝင်သည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ''နံပါတ်တစ်အချက်ကတော့ ဒီတစ်နေ့လုံး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ ရောက်နေတယ်။ ရောက်နေတော့ အစီအစဉ်တွေပြီးတဲ့အချိန်မှ အဲဒီသတင်း တွေတွေ့တယ်။ တွေ့တဲ့အချိန် Facebook Team ကနေStatement ထုတ်ထားတယ်။ ထုတ်ထားတဲ့ဟာမှာAccount၁၈ ခု၊ Pagesပေါင်း ၅၂ ခုကို သူတို့ Community Standard နဲ့မညီတဲ့အတွက် ဖြုတ်ချလိုက် တယ်ဆိုတဲ့ဟာပြောထားတယ်။ ပြောထားတဲ့အပိုင်းမှာ ကျွန်တော်တို့ကCommunity Standard အပိုင်းမှာ ကြည့်လိုက်တော့ သူတို့ Screenshot တွေလည်းတွေ့ တယ်။ ပြောရရင်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ အစိုးရပိုင်းက ကြိုတင်ပြီးသိရှိထားတာမရှိဘူး။

ဖြုတ်ရခြင်းအကြောင်းအရင်းကို မေးထား

''နံပါတ်နှစ်အချက်ကတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Page အပါအဝင် ဒါတွေဖြုတ်ချတာနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်မှာတော့ မေးခွန်းတွေအများကြီးရှိတယ်။ ကျွန်တော်တို့ကCommunity Standard နဲ့မညီဘူးဆိုပြီး ဘာကြောင့်ဖြုတ်ရသလဲ။ ဖြုတ်ရခြင်းအကြောင်းအရင်း ကို မေးထားတယ်။ ဒါတွေကို ဖြုတ်ချလိုက်တဲ့အပေါ်မှာသက်ဆိုင်ရာ ကာယကံရှင်နစ်နာသူတွေကနေ Accountတွေ၊ Pages တွေရအောင် ဘယ်လိုပြန်ပြီးလုပ်နိုင်မလဲ ဒါကိုမေးထားတယ်။

''နံပါတ်သုံးအချက်ကတော့ Long Termမှာ Community Standard နဲ့ ညီခြင်း၊ မညီခြင်း၊ ချိုးဖောက် ခြင်း၊ မချိုးဖောက်ခြင်းအပေါ်မှာ ဘယ်လိုမျိုးဘယ်သူက အတည်ပြုသလဲ။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့က စဉ်းစားစရာဖြစ်တယ်။ အထူးသဖြင့် မြဝတီသတင်း Pagesတွေလည်းပါသွားတယ်လို့ တပ်မတော်ကလည်း ဖုန်းဆက် တယ်။ ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော်တို့ အစည်း အဝေးထဲရောက်နေလို့မသိဘူး။ နောက်မှဖုန်းကိုင်တော့ အဲဒီအကြောင်းတွေသိရတယ်။ ပြောချင်တာက အစိုးရ အနေနဲ့သော်လည်းကောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့ ကလည်းSocial Media Monitoring Team နဲ့ သော်လည်းကောင်း ဒီကိစ္စတွေနဲ့ တစ်စုံတစ်ရာပတ်သက် ခြင်းမရှိဘူးလို့ ပြောချင်တယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော်တို့Facebook နဲ့ တချို့က နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအတုတွေ လုပ်တာတွေရှိတယ်။ အဲဒါ လုပ်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ Pagesတွေက ဖြုတ်ချသွားတယ်။ ဖျောက်သွားတယ်။ ဖျောက်သွားတဲ့ အပေါ်မှာ Information တွေလိုတဲ့အချိန်မှာ ကျွန်တော်တို့ သမ္မတရုံးအနေနဲ့ တောင်းခံတယ်။ တောင်းခံတဲ့အပိုင်း မှာလည်း ဟိုဘက်က Information တွေ ပြန်ပြီးတော့ ပေးတဲ့အပိုင်းမှာလည်း တော်တော်အဆင်မပြေမှုတွေ ရှိတယ်။ ရှိတော့မကြာသေးခင်က Facebookက Vice Pres
ident လာသွားတယ်။ လာသွားတဲ့အချိန်မှာ ကျွန်တော်တို့ အဲဒါတွေဆွေးနွေးတယ်။

''အထူးသဖြင့် အစိုးရနဲ့ Facebook ကြားမှာ ဘယ်လိုမျိုးသဘောတူညီချက်နဲ့ Informationတွေ ဘယ်လိုလုပ်မလဲဆိုတဲ့အပိုင်းမှာ ကျွန်တော်တို့ဆွေးနွေးခဲ့ တယ်။ ဒါပေမယ့် အဲဒါတွေ မပြီးပြတ်သေးဘူး။ နောက် တစ်ကြိမ် Facebook Team လာဖို့ရှိတယ်။ လာတဲ့ အခါမှာလည်း ဒါတွေကိုထပ်ပြီးဆွေးနွေးသွားမယ်။

''လူ့အခွင့်အရေးချိုးဖောက်မှုရှိခြင်း၊ မရှိခြင်းကတော့ ကျွန်တော်တို့အစိုးရအနေနဲ့ ပြောထားပြီးပြီ။ နံပါတ်တစ် အစိုးရရဲ့ပေါ်လစီက ရှင်းတယ်။ အခုလက်ရှိအစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်လို့ လုံးဝသည်းခံမှာ မဟုတ်ဘူး။ ခွင့်လွှတ်မှာမဟုတ်ဘူး။ နံပါတ်နှစ်အချက် ကတော့ ရခိုင်ပြည်နယ်ကိစ္စတွေ ကိုင်တွယ်တဲ့အခါမှာ အစောကြီးကတည်းက အစိုးရကပြောထားတယ်။ သုံးချက် ရှိတယ်။ နံပါတ်တစ် ဒါတွေကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်ပွားဖို့၊ သတိကြီးကြီး ထားဖို့၊ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ ဒါကို တပ်မတော် ဘက်ရော၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကိုရော ပြောထား တယ်။ အဲဒါကိုလည်း အဆင့်ဆင့်ပြောထားပြီးသားဖြစ် တယ်။ အကယ်၍ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ တယ်ဆိုရင် ချိုးဖောက်မှုတွေရှိကြောင်း ခိုင်မာတဲ့၊ ခိုင်လုံတဲ့ အထောက်အထားတွေ၊ မှတ်တမ်းတွေ၊ အချက်အလက်တွေ ကျွန်တော်တို့ကိုပေးပါ။ ပေးရင် ကျွန်တော်တို့က စုံစမ်း စစ်ဆေးမယ်။ မှန်တယ်ဆိုရင် တည်ဆဲဥပဒေနဲ့ အရေးယူ မယ်။ ဒါက အခုချိန်ထိ မပြောင်းလဲဘူး။ သို့သော် အဲဒီ အပေါ်မှာ ကျွန်တော်တို့ နိုင်ငံတကာက အစိုးရရဲ့အရေးယူ ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေရှိတယ်။ ရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ေ
တွဖွဲ့ထားပြီးသားပါ။ ဒီကော်မရှင်က သူတို့အလုပ်တွေ ဆက်ပြီးတော့ လုပ်နေပါပြီ။ လုပ်နေတဲ့အပိုင်းမှာလည်း အကယ်၍ ရှိတယ် ဆိုရင် အဲဒီမှာပေါ်ပေါက်လာပါလိမ့်မယ်။

''နောက်အချက်က Fact- Finding Mission (FFM) ရဲ့ Report တင်ရမယ့်ရက်က ဒီရက်မဟုတ်ဘူး။ အဲဒါကို ရှင်းရှင်းလင်းလင်းသိစေချင်တယ်။ နောက်လ ၁၈ ရက်နေ့မှ သူက Report တင်ရမယ်။ သို့သော် မနက်ဖြန်ကျရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ARSA အကြမ်းဖက်တိုက်ခိုက်မှု ဒီသြဂုတ်လ ၂၅ ရက်နေ့ တစ်နှစ်ပြည့်အချိန်ကာလအနေနဲ့ ဆွေးနွေးပွဲ လုပ်မယ်။ ဆွေးနွေးပွဲအမီကို Fact- Finding Mission Report ထွက်မယ်လို့ ကျွန်တော်တို့က မြင်တယ်။ ဒါဟာ နံပါတ်တစ် အချက်ပါ။ သူက အချိန်ကိုက်လုပ်တယ်။ မူလက သူတို့ Report တင်ရမယ့်ကာလမတိုင်ခင်မှာ စောလုပ်တဲ့သဘောပါ။ နံပါတ်နှစ်အချက်ကတော့Fact- Finding Mission က လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရဖွဲ့စည်းတာဖြစ်တယ်။ အဲဒီကာလ ကတည်းက မြန်မာနိုင်ငံအစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောထားပြီးဖြစ်တယ်။

တစ်ခုနဲ့တစ်ခုချိတ်ဆက်နေ

''လူ့အခွင့်အရေးကောင်စီရဲ့ Resolution ကို ကျွန်တော်တို့က Dissociate လုပ်တယ်။ Dissociate လုပ်တယ်ဆိုတာ ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘူး။ သဘောတူလက်ခံခြင်းမရှိဘူး။ မရှိတဲ့ အတွက် ဒီ Resolution ကို အကောင်အထည်ဖော်တဲ့Fact-Finding Mission ဖွဲ့စည်းဖို့ကို မြန်မာနိုင်ငံ အစိုးရကလက်ခံထားခြင်းမရှိဘူး။ လက်ခံမထားတာမို့Fact-Finding Mission မြန်မာနိုင်ငံကို လာရောက် ခွင့်ပြုဖို့လုပ်တဲ့အချိန်မှာ ကျွန်တော်တို့ ငြင်းဆန်တယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ သဘော မတူဘူး။ လက်မခံဘူး။ Resolution ကို အကောင် အထည်ဖော်တဲ့ Fact -Finding Mission ဖွဲ့စည်း ဆောင်ရွက်တဲ့အပေါ်မှာ လက်မခံဘူး။ ပူးပေါင်းဆောင်ရွက် မှာလည်းမဟုတ်ဘူးဆိုတာ ပြောထားပြီးသားဖြစ်တယ်။

''ပြောထားတဲ့အပေါ်မှာ Fact -Finding Mission က သူ့ရဲ့ Report ကို Launchလုပ်တယ်။Launch လုပ်ပြီးမကြာခင်မှာပဲ Facebook ကလည်း Shut down တွေလုပ်တယ်။ ဒါတွေကတော့ တစ်ခုနဲ့တစ်ခုချိတ်ဆက် နေတယ်ဆိုတာကို အထင်အရှားမြင်ရတယ်။ သို့သော် ကျွန်တော်တို့က Fact-Finding Mission Report နဲ့ ပတ်သက်လို့ ရှင်းတယ်။ မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့် အရေးကောင်စီ Resolution ကို လက်မခံဘူး။ အဲဒီ Resolution ကိုအကောင်အထည်ဖော်တဲ့ Fact-Finding Mission ဆောင်ရွက်ချက်တွေကို ကျွန်တော်တို့က လက်မခံဘူး။ ဒါကို ပြတ်ပြတ်သားသား ကျွန်တော်ပြောချင် တယ်။

''နောက်နံပါတ်နှစ်အချက်က မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ Accountability ဖြစ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ကရှင်းတယ်။ မူလကလည်းပြောထားပြီးသား။ နံပါတ်တစ် မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပတ်သက်လို့ Zero Tolerance ဖြစ်တယ်။ လုံးဝသည်းခံ မှာ မဟုတ်ဘူး။ ခွင့်လွှတ်မှာမဟုတ်ဘူး။ ခြွင်းချက်ပေးမှာ မဟုတ်ဘူး။

ထိခိုက်မှုတွေရှိလာနိုင်

နံပါတ်နှစ်အချက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုရင် ခိုင်လုံတဲ့အထောက်အထားတွေပေး၊ စုံစမ်း စစ်ဆေးမယ်။ မှန်ကန်တယ်ဆိုရင် ဥပဒေနဲ့အညီအရေး ယူမယ်။ နံပါတ်သုံးအချက်က ဒီလိုမျိုးပြောထားတဲ့အပေါ် မှာလည်း ကျွန်တော်တို့ အချက်အလက်တွေမရဘူး။ ဒါက ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းကို ကျွန်တော်တို့ ပြောထား ပြီးသား။ အဲဒီအပေါ်မှာ ဝေဖန်မှုတွေရှိတဲ့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ထားပြီးပြီ။ ဖွဲ့ထားတဲ့အပေါ်မှာ ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်။ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ တွေ့ရှိချက်၊ ဖော်ထုတ် ချက်တွေအပေါ်မှာ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်တယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာ နိုင်ငံအစိုးရက ကတိကဝတ်ပြုပြီးသား။ အဲဒါရှိတယ်။

''ကျွန်တော်တို့က ဒီနေ့တစ်နေကုန် စီးပွားရေး လုပ်ငန်းရှင်တွေနှင့် တွေ့ဆုံပွဲမှာရောက်နေတယ်။ မသိလိုက် ဘူး။ သိလိုက်တဲ့အချိန်မှာလည်း အကုန်လုံးကDown သွားပြီ။ Down သွားတော့ ကျွန်တော်တို့က UN Fact-Finding Mission ရဲ့ Report Launch လုပ်တယ်။ ၂ နာရီလောက်မှာ လုပ်တယ်။ မရှေးမနှောင်းမှာပဲ Facebook ကနေပြီးတော့ ဒီ Account တွေကို Shut down လုပ်ပစ်လိုက်တယ်။ လုပ်ပစ်လိုက်တဲ့အပေါ်မှာ တော့ သူတို့ Statement ထုတ်ထားတယ်။ Community Standard နဲ့မညီလို့ ဆိုတဲ့ Reason ကျွန်တော်တို့ တွေ့ရ တယ်။ တွေ့ရတော့ တပ်မတော်ကလည်း Facebookနဲ့ အဓိကကိုင်တွယ်နေတဲ့ အရာရှိကြီးတွေရှိပါတယ်။ သူတို့ကို ကျွန်တော်တို့ ဆက်သွယ်ပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိတဲ့ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ဆီကိုဆက်သွယ်တယ်။ ဘယ်လိုဖြစ်တာလဲဆိုတာမေးတယ်။ မေးတဲ့အပေါ်မှာတော့ ကျွန်တော်တို့ Facebook ကိုတော့ စောစောကဖုန်းဆက်ပြီး ပြောထားတယ်။ မေးထားတယ်။ ဒါဘယ်လိုကြောင့် ဖြစ်ရတာလဲ။ Community Standard ဆိုတဲ့ အပေါ်မှာ လည်း ပြောစရာတွေ၊ ဝေဖန်စရာတွေ ရှိတယ်ဆိုတဲ့အပိုင်း ကို ကျွန်တော်တို့ ပြောတယ်။ ဒီလုပ်ရပ်ကဘာလဲဆိုတော့ ကျွန်တော်တို့အစိုးရ၊ လက်ရှိအစိုးရသွားနေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း တစ်နည်းတစ်ဖုံအားဖြင့် တော့ ထိခိုက်မှုတွေရှိလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ စိုးရိမ်တယ်။

''ရှိလာမယ့်အလားအလာတွေ ရှိလာနိုင်မယ်။ ဥပမာ အားဖြင့် Social Media Monitoring Team(SMMT)လုပ်တဲ့အပေါ်မှာ အထင်လွဲမှုတွေဖြစ်လာနိုင်တယ်။ နံပါတ် တစ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်Page အပါ အဝင် ကျန်တဲ့ Page တွေ ဖြုတ်ချခံရခြင်းကိစ္စနဲ့ ပတ်သက် လို့ ထုတ်ပြန်ထားတဲ့အတိုင်းဖြစ်ပါတယ်။ နံပါတ်နှစ်က အစိုးရရဲ့ Input လုံးဝတစ်စုံတစ်ရာ မပါဝင်ပါဘူး။ နံပါတ် သုံးက အစိုးရကဖွဲ့စည်းထားတဲ့SMMT လည်းမပါဘူး။ ဒါကိုတော့ အတိအလင်းပြောချင်ပါတယ်။ အခုဖြစ်သွားတဲ့ နောက်ပိုင်းမှာFacebook ကိုတော့ ပြန်မေးထားတယ်။ ဒါတွေဖြစ်ရတဲ့အကြောင်းရင်းCommunity Standard တော့ဟုတ်ပြီ၊ တန်းတူညီမျှတော့ဖြစ်ရမယ်။

''Pageတွေအများကြီးဖြစ်သွားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေက အများကြီးမြင့်တက်နေတယ်။ မြင့်တက် နေတဲ့အပေါ်မှာလည်း အစိုးရအနေနဲ့ သေသေချာချာ သိချင်တယ်။ သူတို့ Pageတွေပြန်ရအောင် ဘယ်လို လုပ်မလဲ၊ သူတို့ Page တွေ အသစ်ဖွင့်ရင် ဆက်ပြီး ဒီ အတိုင်းပဲ ဖြုတ်ချမှာလား၊ ဒါကို ကျွန်တော်တို့က Facebook နဲ့ ဆက်ပြီးဆွေးနွေးနေတယ်။ အခု ကျွန်တော်တို့ လုပ်နေတာကLegal ပိုင်းကလုပ်တာ။ ဥပမာFacebook ကနေပြီးတော့ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူဖြစ်စေ အဲဒီမှာ ရုံးခွဲတွေရှိတယ်။ သူတို့ ရုံးခွဲထောင်တဲ့အချိန်ကြရင်သူ့ရဲ့ပြည်တွင်းဥပဒေကို လိုက်နာရမယ်ဆိုတဲ့ သဘောတူညီ ချက်နဲ့သွားရတာပါ။ သက်ဆိုင်တဲ့ နိုင်ငံဥပဒေအတိုင်း သွားတာပါ။

''ကျွန်တော်တို့နိုင်ငံမှာ Facebook ရုံးခွဲမရှိဘူး။ မရှိ တော့ world wide web-www အပေါ်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက User အဖြစ်သုံးတယ်။ သုံးတဲ့အပေါ်မှာFacebookက တစ်ခုခုဖြစ်လာရင် မြန်မာနိုင်ငံအစိုးရရဲ့ ပြည်တွင်းဥပဒေတွေ၊ တည်ဆဲဥပဒေတွေက သူ့အပေါ်မှာ By name မဖြစ်ဘူး။ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေ၊ ဥပဒေတွေ လိုက်နာစရာမလိုဘူးဆိုတဲ့ အနေအထား ဖြစ်တယ်။ တရုတ်မှာဆိုရင် Facebookကို ပိတ်တယ်။ သူ့ရဲ့ ပြည်တွင်းဖြစ်Social Media တွေသာ သုံးတယ်။Facebookကို သုံးတဲ့အချိန်မှာ Agreement လုပ်တဲ့ သဘောရှိတယ်။

စည်းမျဉ်းစည်းကမ်းတွေရှိဖို့လို

အလားတူပဲ European Council ဥရောပမှာလည်းFacebook နဲ့ MoU ထိုးတာတွေရှိတယ်။ အဲဒီမှာလည်း ကျွန်တော်တို့အစိုးရအနေနဲ့Facebookနဲ့ MoU ထိုးဖို့ထိ ညှိနှိုင်းခဲ့တယ်။ ညှိနှိုင်းခဲ့သော်လည်း Individual နိုင်ငံ အနေနဲ့ ပတ်သက်လို့ ထိုးတဲ့အလေ့အထသူတို့မှာမရှိဘူးဆိုတဲ့အတွက် G to G အစိုးရနဲ့ သက်ဆိုင်ရာအစိုးရ၊ အစိုးရနဲ့ Facebook Teamနဲ့ ဘယ်လိုသဘောတူညီချက် တွေ လုပ်နိုင်မလဲဆိုတာ ဆက်ဆွေးနွေးဖို့ရှိပါတယ်။

''နောက်တစ်ချက်က Social Media မှာအထူးသဖြင့် မြန်မာနိုင်ငံမှာ Facebook ကို အဓိကမှီခိုအားထားနေလို့Facebook အခန်းကဏ္ဍကMain Stream Media လို ဖြစ်လာတယ်။ တစ်ဖက်ကလည်း ကောင်းကျိုးတွေရှိ သလို တစ်ဖက်ကလည်းဆိုးကျိုးတွေရှိတယ်။ ဒီအပေါ်မှာ မြန်မာပြည်သူလူထု User တွေ၊ မြန်မာ Communityက အထူးသဖြင့် ဆက်လက်ဆွေးနွေးဖို့ ရှိလိမ့်မယ်။ ဆိုလို တာက Facebookပေါ်မှာLike လုပ်တာများလာတယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့ Data အချက်အလက် တွေ အကုန်လုံးက Facebook ပေါ်မှာ ရှိပါတယ်။

''နောက်တစ်ဆင့် ဘာတွေဆက်ဖြစ်မလဲ၊ ဒါတွေ ကလည်း ကျယ်ကျယ်ပြန့်ပြန့်တွေးကြဖို့လိုတယ်။ အစိုးရ ပိုင်းကတော့ ဘာလိုသလဲဆိုရင် ကျွန်တော်တို့က Long Term သွားနေတာ အခုအချိန်ထိ Cyber Law မရှိဘူး။ ဆက်သွယ်ရေးဥပဒေက ကွန်ရက်အသုံးပြုတာတွေနဲ့ တကယ် Cyberမှာ အဓိကဖြစ်နေတဲ့ ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့အရေးယူနိုင်တဲ့ ဥပဒေဆိုတာမရှိသေးဘူး။ နိုင်ငံတကာမှာရှိတယ်။ Cyber Law ရှိသလို Cyber Police ရှိတယ်။ Cyber မှာ ဖြစ်သမျှကိစ္စတွေနဲ့ ပတ်သက်လို့ ဥပဒေကြောင်းအရ ရှင်းလို့ရတယ်။ အခု လက်ရှိ မြန်မာနိုင်ငံမှာ ဖြေရှင်းဖို့ခက်တယ်။ ဥပဒေမရှိတော့ ဆက်သွယ်ရေးဥပဒေကို ကိုးကားရတယ်။ Online နဲ့ ပတ်သက်တဲ့ သုံးစွဲမှုတွေမှာ တိကျတဲ့ ဥပဒေစည်းမျဉ်း စည်းကမ်းတွေရှိဖို့လိုတယ်။ ဒါက Long Term မြန်မြန်လေး တွန်းဖို့တော့လိုလိမ့်မယ်'' ဟု ပြောကြားသည်။

ကျော်သူထက်၊ မွှေးကြူဇင်
Source - သြဂုတ် ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ၊ စာမျက်နှာ ၁၂

0 comments:

Post a Comment