Wednesday, August 22, 2018

ကိုဖီအာနန်ကော်မရှင်၏ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက် ဆောင်ရွက်ပြီးစီးဟု ကြေညာ


ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက် ၈၈ ချက်အနက် ၈၁ ချက်ကို မြန်မာအစိုးရအနေနဲ့ ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ၁၉ ရက်ကနေ ၂၁ ရက်ထိ စင်ကာပူနိုင်ငံကို သွားရောက်ခဲ့တဲ့ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဌာနက သြဂုတ် ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာရာမှာ ဖော်ပြထားတာပါ။
ဒေါက်တာကိုဖီအာနန်အနေနဲ့ မြန်မာအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်မှုရရှိစေလိုတဲ့ ဆန္ဒရှိကြောင်း၊ ဒေါက်တာကိုဖီအာနန် ကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် ၈၈ ချက်အနက် မြန်မာအစိုးရအနေနဲ့ ၈၁ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်တယ်၊ ဒီအကြံပြုချက်တွေဟာ ရခိုင်ပြည်နယ်မှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံရှိ ISEAS – Yusof Ishak Institute ကစီစဉ်တဲ့  SINGAPORE LECTURE ပွဲမှာ “မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၊ စိန်ခေါ်မှုများနှင့် ရှေ့ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချခဲ့ရာမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကွယ်လွန်သွားတဲ့ ကိုဖီအာနန်အတွက် ဂုဏ်ပြုစကား ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ဒီနေရာမှာ ကျေးဇူးပြုပြီး ဒေါက်တာကိုဖီအာနန်ကို ချီးကျူးဂုဏ်ပြုခွင့် ပေးစေလိုပါတယ်။ သူ့ရဲ့အရည်အချင်းနဲ့ အောင်မြင်မှုတွေ မရေမတွက်နိုင်ပေမယ့် ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေခိုက် သူ့ရဲ့အရေးပါပုံကို အဓိက တင်ပြချင်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ ကျမတို့ကို အကြံဉာဏ်ပေးမယ့် တာဝန်ကို လက်ခံရယူဖို့ စိတ်သဘောထား ကောင်းမွန်ပြီး အကောင်းမြင်စိတ်ဓာတ်ရှိတဲ့ ဒေါက်တာကိုဖီအာနန်က သဘောတူညီခဲ့တယ်၊  မြန်မာနိုင်ငံအပေါ် ရခိုင်ပြည်နယ် ဖြစ်ရပ်တွေကြောင့် အပြင်းအထန် ဝေဖန်ပြစ်တင်နေချိန်မှာ ကျမတို့နိုင်ငံကို ငြိမ်းချမ်းလုံခြုံတိုးတက် အောင်မြင်စေလိုတဲ့ ဒေါက်တာအာနန်အနေနဲ့ ကျမတို့ကို ကူညီဖို့ ဆုံးဖြတ်ဆောင်ရွက်ခဲ့တယ်၊ ကိုဖီအာနန်ရဲ့ လုပ်ဆောင်ချက်နဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေမှာ တွေ့ရတဲ့ သူ့ရဲ့ ကရုဏာ၊ ဖြောင့်မတ်မှုနဲ့ သတ္တိရှိမှုတို့ဟာ သူ့ရဲ့ ပညာပြည့်ဝ အတွေ့အကြုံ ကြွယ်ဝမှုတို့ကို ထင်ဟပ်ခဲ့တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒေါက်တာ ကိုဖီအာနန်ဟာ အလုပ်တာဝန်တွေ များတဲ့ကြားက အချိန်ယူပြီး သူ့ထံကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ကူညီအားပေးခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများမှာ ဘက်ပေါင်းစုံမှဖြစ်ရာ အဘက်ဘက်မှ လုပ်ဆောင်စရာ များစွာလိုအပ်နေသလို ရခိုင်ပြည်နယ်ထဲမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ စတင်ဖြစ်ပေါ်စေခဲ့တဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေရဲ့ အန္တရာယ်ဟာ အခုချိန်ထိ ရှိနေတယ်လို့လည်း  ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် (အသက် ၈၀) ဟာ  ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ဖျားနာပြီး သြဂုတ် ၁၈ ရက်နေ့က ရုတ်တရက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လမှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ကို မြန်မာအစိုးရက ခန့်အပ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် စက်တင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောမြို့နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ စွပ်စွဲမှုတွေရှိနေတဲ့ ကျေးရွာတွေကို သွားရောက်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လမှာ အချက် ၈၈ ချက်ပါဝင်တဲ့ အပြီးသတ်အစီရင်ခံစာကို ကော်မရှင်က တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment