Thursday, August 30, 2018

TNLA ၏ လုပ်ရပ်သည် ရှမ်းနှင့် တအာင်းပလောင် ကြား စည်းလုံး ယုံကြည်မှုကို ပျက်ပြားစေသည်ဟုဆို

နမ့်ခမ်းမြို့တွင် နေထိုင်သည့် မနန်းမိုဟွမ် အား ဖမ်းဆီခေါ်ဆာင် သွားသော တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၏ လုပ်ရပ်သည် ရှမ်းနှင့် တအာင်းပလောင် လူမျိုးနှစ်ခုကြား စည်းလုံး ယုံကြည်မှုကို ပျက်ပြားစေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များ ကွန်ယက်မှ သြဂုတ်လ ၂၈ ရက်၊ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မနန်းမိုဟွမ်အား ချွင်းချက်မရှိ အမြန်းဆုံး ပြန်လွှတ်ပေးရန်နှင့် TNLA သည် ရှမ်းအမျိုးသားများနှင့် သမိုင်းရှည်ကြာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာခဲ့သော တအာင်းပလောင် အမျိုးသားများကို အခြေပြုဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်ခြင်းကြောင့် TNLA ၏ ယင်းလုပ်ရပ်သည် ရှမ်းနှင့် တအာင်းပလောင် လူမျိုးနှစ်ခုကြား စည်းလုံး ယုံကြည်မှုကို ပျက်ပြားစေပြီး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် တွန်အားပေးရာ ရောက်နေပါသည်ဟု ဖေါ်ပြထားသည်။
 
မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုစိုင်းနော်ဆိုင် က `လက်ရှိအခြေအနေ အထိတော့ တအာင်းလူငယ် ရှမ်းလူငယ်ကြားမှာတော့ ဘာပြဿနာမှ မရှိဘူးပေါ့ဗျာ။ ပုံမှန် နှစ်ဖက် ဆက်သွယ်မှု ရှိပါတယ်။ သို့သော် ဒီကိစ္စဖြစ်လာတော့ လူသိရှင်ကြား လည်း အရမ်းဖြစ်တဲ့ အခါကြတော့ လွှတ်မပေးဘဲ အကြားကြီး ထိန်းထားလို့ရှိရင် ရှမ်းလူငယ်စုတွေ အုံကြွဖြစ်လာမှာဆိုတယ်` ဟု The Ladies News သို့ ပြောကြားသည်။
 
အလားတူပင် မနန်းမိုဟွမ် အမြန်ဆုံး ပြန်လည် လွတ်မြောက်ရေး အတွက် နမ့်ခမ်းမြို့ ရှမ်းလူငယ်များကွန်ယက်၊ နမ့်ခမ်းမြို့ လူမှုညီညွတ်ရေး အသင်းနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ကလည်း TNLA ထံ စာရေးသား တောင်းဆိုထားသည်။
 
TNLA ၏ မဟာမိတ်ဖြစ်သည့် ရှမ်လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်သည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း မနန်းမိုဟွမ် လွတ်မြောက်ရေးအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကာ TNLA နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
 
ပြီးခဲ့သည့် သြဂုတ်လ ၁၇ ရက်နေ့က နံနက်ပိုင်းက TNLA သည် မနန်းမိုဟွမ် အား ၄င်းတို့၏ ဥပဒေကို ချိုးဖေါက်သည်ဟု ဆိုကာ နမ့်ခမ်းမြို့ရှိ သူမ၏ နေအိမ်သို့ လာရောက်ဖမ်းဆီး ဖေါ်ဆောင် သွားခြင်းဖြစ်သည်။
 
မနန်းမိုဟွမ်အား ဘယ်လိုစီရင်ချက်မျိုးချမှာလဲ၊ မိသားစုနှင့် ဘယ်တော့ တွေ့ဆုံခွင့်ပေးမှာလဲ ဟု The Ladies News က ဆက်သွယ်မေးမြန်း သည့် အခါ TNLA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်အိုက်ကျော်က ဘာမှထူခြားမှု မရှိသေးဟု ပြန်လည်ဖြေကြားသည်။
 
အောင်ရဲနောင်
The Ladies News

0 comments:

Post a Comment