Sunday, August 26, 2018

ကရင်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်


လာမည့် သြဂုတ် ၂၈ ရက်တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပမည့် ကရင်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က News Watch သို့ ပြောသည်။

''MCC မှာလုပ်မယ့် ကရင်ချည်ဖြူ ဖွဲ့ပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်မယ်။ နောက်ပြီး လူငယ်စာပေ ဆွေးနွေးပွဲတွေရှိတယ်။ အဲဒါက တက္ကသိုလ်ထဲမှာလုပ်မှာ သြဂုတ် ၂၈ ရက်လုပ်မှာ၊ အဲဒီပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည်တက်မယ်'' ဟု ၎င်းကပြောသည်။
ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်ကို ယခင်က MCC ခန်းမတွင် သြဂုတ် ၁၈ ရက်တွင်ကျင်းပရန် စီစဉ်ခဲ့သော်လည်း ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံရှိ အချို့ဒေသများတွင် ရေကြီးမှုများ ကြုံတွေ့ခဲ့ ရသောကြောင့် သြဂုတ် ၂၈ ရက်သို့ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၂)တွင် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲ တော်ကျင်း ပရေးအကြို ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ပြီး ယင်းအစည်း အဝေးတွင် ကရင်တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးက အမှာစကားပြောကြားခဲ့သည်။
''ကျွန်မတို့ရဲ့ရိုးရာယဉ်ကျေးမှုပွဲကို ဂုဏ်ပြုမယ့်ပွဲ ဖြစ်ပါတယ်။ အဲဒီတော့ တခြားသော တိုင်းရင်းသားတွေပါ ကိုယ့်ရဲ့ယဉ်ကျေးမှုကိုသိမယ့်ပွဲတပွဲဖြစ်တဲ့အတွက် တော်တော်လေးအရေးကြီးပါ တယ်။ ကျွန်မတို့ ရန်ကုန်တိုင်းအတွင်းမှာ ကရင်လူမျိုးတွေဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြတာတွေ ရှိပါတယ်။ စာပေ ယဉ်ကျေးမှုဆောင်ရွက်သလို စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ်လို့ ကျွန်မ ခဏခဏပြောတာတွေရှိပါတယ်''ဟု ၀န်ကြီးနော်ပန်းသဉ္ဇာမျိုးက 
ယင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါပွဲတော်သို့ နိုင်ငံတော်အကြီးအကဲများ၊ မြန်မာတနိုင်ငံလုံးရှိ တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦး၊ ကရင် အမျိုးသားများအစည်းအရုံး (KNU) မှ ထိပ်သီးခေါင်းဆောင်များအား ဖိတ်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သတင်းပြန်ကြားရေးမှ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်နှင့် ကျောင်း သား/ကျောင်းသူများ တွေ့ဆုံပွဲကိုလည်း ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင့်သဘင်ခန်းမတွင် သြဂုတ် ၂၈ ရက်၊ မွန်းလွဲ ၂ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch

0 comments:

Post a Comment