Thursday, August 30, 2018

လှေစီးဒုက္ခသည် ၁၂ ဦး ပြန်လက်ခံရေး ဘင်္ဂလားဒေ့ရှ် အစိုးရ အကြောင်းမပြန်


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းခြေတွင် တွေ့ရှိသော လှေစီးဒုက္ခသည် ၁၀၀ ကျော်ထဲတွင် ပါဝင်လာသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးကို ပြန်လည်လွှဲပြောင်းယူရေး ကိစ္စ တင်ပြထားသော်လည်း တုန့်ပြန်မှု မရှိသေးကြောင်း ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။

ပြည်နယ် လဝကမှူး ဦးအောင်မင်း က “ကျနော်တို့ အဲဒီ လှေစီးဒုက္ခသည် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၁၂ ဦး လွဲပြောင်းပေးရေး ကိစ္စက ဒီတိုင်းပဲရှိသေးတယ်။ သူတို့ (ဘင်္ဂလားဒေ့ရှ်အစိုးရ) ဘက်က မကြောင်းပြန်ကြားချက် မလာသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခုနှစ် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ် ပင်လယ်ကမ်းစပ်တနေရာ၌ လှေစီးဒုက္ခသည် ဘင်္ဂါလီ ၁၀၄ ဦးကို ကျေးရွာသားများက စတင် တွေ့ရှိ ခဲ့ပြီး သက်ဆိုင်ရာ ဌာနဆိုင် များက မောင်တောမြို့နယ် ငခူရပြန်လည် လက်ခံရေး စခန်းသို့ ပို့ဆောင် စိစစ်ခဲ့ရာတွင် မြန်မာနိုင်ငံ အတွင်းနေ ထိုင်ခဲ့သူ ၉၂ ဦး အပြင် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသား ၁၂ ဦး ပါဝင်ကြောင်း အစိုးရမှ ထုတ်ပြန်ခဲ့သည်။

စိစစ်တွေ့ရှိခဲ့သည့် ၁၂ ဦးကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် Mr. Md Shah Alom Khokon နှင့်အဖွဲ့သည် မောင်တောသို့ လာရောက်တွေ့ဆုံကာ ၎င်းတို့နှင့် တွေ့ဆုံခဲ့ပြီး အချက်အလက်များကို ရယူသွား ခဲ့သော်လည်း လွဲပြောင်း ရယူရေးကိစ္စကိုတော့ ယနေ့ အချိန်အထိ အကြောင်းပြန်ကြား လာခြင်း မရှိသေး ဘဲကြန့်ကြာနေခြင်း ဖြစ်ကြောင်း ပြည်နယ် လဝကမှူး ဦးအောင်မင်းက ဆိုသည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့သူများ အဖြစ် စိစစ်တွေ့ရှိသည့် ဘင်္ဂါလီ ၉၂ ဦးကိုတော့ အစိုးရမှ ထောက်ပံ့ ပစ္စည်းများကို ပေးအပ်က မောင်တောမြို့နယ်အတွင်း ပြန်လည်နေရာ ချပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ရသေ့တောင် ပင်လယ်ကမ်းခြေတွင် တွေ့ရှိခဲ့သည့် လှေစီးဒုက္ခသည် ၁၀၄ ဦးတွင် အမျိုးသား ၄၀ ဦး၊ အမျိုးသမီး ၆၀ ဦးပါဝင်ပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှနေ မလေးရှားနိုင်ငံသို့ ထွက်ခွာလာစဉ် မုန်တိုင်းမိပြီး လှေပျက်ကာ ကမ်းတင် လာသူများ ဖြစ်ကြောင်း ပြီးခဲ့သော ဇွန်လ ၁၄ ရက်နေက ငခူရ ပြန်လည်လက်ခံရေး စခန်းတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။

အများစုမှာ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် မိသားစုအလိုက် လှေစီးထွက်ခွာလာခြင်း ဖြစ်သလို တချို့သော မိန်းကလေးငယ်များမှာလည်း မလေးရှားရှိ ချစ်သူရည်းစားများနှင့် လက်ထပ်ရန် ထွက်ခွာလာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၎င်းတို့သည် ပင်လယ်ပြင်တွင် ၃ ရက်ကြာခဲ့ပြီး မိုးသက်လေပြင်များ ကျရောက်မှုကြောင့် လှေနစ်ကာ ဇွန်လ ၁၀ ရက်နေ့ ညနေ ၁၁ နာရီ အချိန်ခန့်တွင် ရသေ့တောင်မြို့နယ်ရှိ ကမ်းခြေသို့ ရောက်ရှိလာကြကြောင်း လှေစီးဒုက္ခသည်များက ဆိုသည်။

အဆိုပါ လှေစီးဒုက္ခသည်များကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဆင်ဗိုက်ကျေးရွာနှင့် အောင်ဗလ ကျေးရွာကြား ပင်လယ် ကမ်းစပ်တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၁၁ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ ရှာဖွေရာ သာစည်ကျေးရွာအနီး ပင်လယ်ကမ်း စပ်၌ အလျား ၄၀ ပေ ၊ အနံ ၂၀ ပေ ၊ ဇောက် ၆ ပေ ရှိသော ဝမ်း ဗိုက်ထက်ခြမ်း ကွဲနေသည့် စက်လှေတစီး ကိုလည်း တွေ့ရှိခဲ့သည်။

ဧရာဝတီ

0 comments:

Post a Comment