Wednesday, August 29, 2018

မြန်မာနိုင်ငံအစိုးရက ဂျပန်နိုင်ငံသား တစ်ဦးအား ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဂျပန်နိုင်ငံ ကူအိုကာခရိုင်၊ ဖူကူအိုကာမြို့တွင် မစ္စတာ ယူးတာကာအာဆို အား မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က ခန့်အပ်ခဲ့ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်မှုကို မြန်မာသံရုံး သံအမတ်ကြီးမှ တစ်ဆင့် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ဂျပန်နိုင်ငံ ဖူကူအိုကာခရိုင်တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအား ဂျပန်နိုင်ငံ၏ တရားဥပဒေနှင့်အညီ ကူညီ စောင့်ရှောက် ကာကွယ်နိုင်ရန်အတွက် လည်းကောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး၊ ရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်ဖော်ဆောင်ရန်အတွက် လည်းကောင်း မစ္စတာ ယူးတာကာအာဆို အား မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ အပ်ခံရသည့် မစ္စတာ ယူးတာကာအာဆိုမှာ သုံးဦးမြောက် ဂုဏ်ထူးဆောင် ကောင်စစ်ဝန် တစ်ဦးဖြစ်ပြီး ၎င်းအား ခန့်အပ်ခြင်းအတွက် ကျေးဇူးတင်ကြောင်းနှင့် နှစ်နိုင်ငံအကျိုး၊ နှစ်နိုင်ငံ ပြည်သူများအကျိုး၊ တိုးမြှင့် ဖော်ဆောင်မည်ဟု ပြောကြားကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှာ ၁၉၅၄ ခုနှစ်မှ စတင်၍ သံတမန် ဆက်ဆံရေး ထူထောင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကာလအတွင်း ၂၀၁၅ ခုနှစ်အထိ ကိုဘေးမြို့တွင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန် တစ်ဦး ခန့်အပ်ခဲ့ကြောင်းနှင့် ၂၀၁၇ ခုနှစ်တွင် အအိချိခရိုင်၊ နာဂိုယာမြို့တွင် ဂုဏ်ထူးဆောင် ကောင်စစ်ဝန်တစ်ဦး ခန့်အပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ ပိုမို ခန့်အပ်လာနိုင်ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို ထိရောက်စွာ ဆောင်ရွက်လာနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာမည်ကာ မြန်မာနိုင်ငံသားများအတွက် ကောင်စစ် လုပ်ငန်းများနှင့် စီးပွားရေး၊ လူမှုရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များဖြင့် ပိုမို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖူကူအိုကာမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့သည် ညီအစ်မမြို့တော်များ ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment