Wednesday, August 22, 2018

တအန်း မျိုးနွယ်စုများအား ဂုဏ်သိက္ခာ ကျဆင်းအောင် Facebook တွင် Live လွှင့်သည့် အကောင့်ပိုင်ရှင်ကို ပြန်လည်ဖြေရှင်းခြင်း မရှိပါက ဥပဒေအရ ဆောင်ရွက်မည်ဟု သိရ

တအန်း မျိုးနွယ်စုများအား လူသားစား မျိုးနွယ်စုဟု ဂုဏ်သိက္ခာ ကျဆင်းအောင် Facebook တွင် Live လွှင့်သည့် အကောင့်ပိုင်ရှင်ကို ပြန်လည် ဖြေရှင်းတောင်းပန်ခြင်း မရှိပါက ဥပဒေအရ ဆောင်ရွက်မည်ဟု တအန်း လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၁၈ ရက်တွင် ရှမ်းပြည်နယ် တောင်ပိုင်း ခိုလမ်မြို့နယ် မတ်မွန်လောင်းကျေးရွာရှိ တအန်းမျိုးနွယ်စုဓလေ့ကို Yuri Miko (Yuri) Facebook Account ပိုင်ရှင်က Facebook ပေါ်တွင် Live လွှင့်၍ တအန်း မျိုးနွယ်စုအား သရဲ၊ သဘက်၊ ကြတ်၊ လူသားစားမျိုးနွယ်ဟု စွပ်စွဲပြောဆိုခြင်းနှင့် ရိုင်းစိုင်းသော လူမျိုးအဖြစ် ထင်ယောင် ထင်မှား ဖြစ်အောင် ပြုမူပြောဆိုခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ကျဆင်းရုံသာမက တအန်းမျိုးနွယ်စု တစ်ခုလုံးကိုပါ ထိခိုက် နစ်နာစေသည့်အတွက် တအန်း လူမှုအဖွဲ့အစည်းများက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သိရသည်။
ထို့ ပြင် Social Media အချို့တွင်လည်း ယင်းအကောင့်ပိုင်ရှင် တင်ထားသည့် ဗီဒီယိုဖိုင်အား သတင်းခေါင်းစဉ်တပ်၍ ထပ်မံဖြန့်ဝေမှုများ လုပ်ဆောင်နေသည်ကို လည်းမြင်တွေ့နေရပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို မလေ့လာဘဲ ယခုလို လက်လွတ်စပယ် ပြန်လည်ဖြန့်ဝေမှုများ လုပ်ဆောင်နေသည့်အပေါ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်လာနိုင်သည့်အတွက် အဖွဲ့အစည်းများ အနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ထုတ်ပြန်ချက် ထုတ်ထားတဲ့ အကြောင်းရင်းကတော့ အဲဒီလို မဟုတ်မဟတ် တအန်းလူမျိုးကို လူသားစားမျိုးနွယ်စု၊ သရဲ၊ သဘက်၊ ကြတ် အဲဒီလို စွပ်စွဲတဲ့အတွက် တအန်း တစ်မျိုးသားလုံးကို ဂုဏ်သိက္ခာ နစ်နာစေတယ်။ ထိခိုက်စေတယ်။ အဲဒါကြောင့် တအန်းအဖွဲ့အစည်း ပေါင်းစုံကနေစုပြီး ထုတ်ပြန်ချက် ထုတ်ပြန်ထားပါတယ်။ နောက်ပြီး တရားဝင် မဟုတ်တဲ့ Facebook Page ကနေပြီး ထပ် Share လိုက်တဲ့ အခါကျတော့ အဲဒီဗီဒီယို ကို ကြည့်သူကပဲ သုံးသန်း ကျော်သွားပြီလေ။ အဲဒီတော့ ဒီမျိုးနွယ်စုကိုပဲ တကယ်ပဲ လူသားစားတဲ့ မျိုးနွယ်စုလားဆိုပြီး ထင်ယောင် ထင်မှား ဖြစ်စေတယ်ပေါ့။ အဲဒါကြောင့် ဦးဇင်းတို့က ကန့်ကွက်တယ်။ ပြီးရင် အဲဒီ Facebook Account ပိုင်ရှင်က မီဒီယာတွေရှေ့မှာ တောင်းပန်ဖို့ ဦးဇင်းတို့က ညှိနှိုင်းမယ်။ ညှိနှိုင်းလို့မှ သူ့ဘက်က မတောင်းပန်ဘူးဆိုရင် ဦးဇင်းဘက်က တအန်းစာပေယဉ်ကျေးမှု ဘက်ကနေပြီး တရားစွဲဖို့ ရှိပါတယ်” ဟု ဗဟို တအန်းသံဃာတော်များအဖွဲ့၏ အတွင်းရေးမှူး ဆရာတော် ဦးတိက္ခဥာဏက မိန့် ကြားသည်။
ထိုသို့ ဂုဏ်သိက္ခာ ကျဆင်းစေသည့် အပြောအဆိုများအပေါ် တအန်းလူမှုအဖွဲ့ ၁၉ ဖွဲ့က ရှုတ်ချကြောင်း ထုတ်ပြန်ထားပြီး ထိုဖြစ်စဉ်မျိုး အခြားတိုင်းရင်းသား လူမျိုးစုများအပေါ် ထပ်မံ မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနက အလျင်အမြန် ကြီးကြပ်ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း သိရသည်။
ယင်းဗီဒီယိုဖိုင်တွင် မြင်တွေ့ကြသည့် လူမျိုးစုသည် မြန်မာနိုင်ငံအတွင်းရှိ တအန်းမျိုးနွယ်စုဝင် ရူစိင်းအနွယ်များဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ မတ်မွန်လောင်းကျေးရွာ၊ ဆိုင်မွန်ကျေးရွာနှင့် ကုန်ပေါင်းကျေးရွာတို့တွင် နေထိုင်ကြပြီး ၎င်းကျေးရွာတွင် ဘိုးဘွားစဉ်ဆက် ကတည်းက ကျင့်သုံးလာသည့် ဆံပင်ရှည်ထားကြပြီး ကျား-မ မရွေး အရွယ်ရောက်သူတိုင်း အရှေ့သွားကို ရွှေကွပ်ထားကြသည့်အပြင် တအန်းရိုးရာဝတ်စုံ တစ်ခုတည်းကိုသာ ၀တ်ဆင်ကြသည့်အတွက် အခြားသော တအန်းကျေးရွာများနှင့် ကွဲပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment