Thursday, August 23, 2018

တရုတ်ထုတ် အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေးဆေး အမေရိကန်တွင် စမ်းသပ်မည်


တရုတ်ပြည်တွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆေးဝါးကို အမေရိကန်နိုင်ငံမှာ လက်တွေ့စမ်းသပ်မှု လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီက အတည်ပြု ပြောကြားပါတယ်။

တရုတ်ဆေးသုတေသနကုမ္ပဏီ Frontier Biotech က ထုတ်လုပ်တဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆေးဝါးကို အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ အက်ဖ်ဒီအေက ခွင့်ပြုချက်နဲ့ လူသားတွေနဲ့ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။
အခုစမ်းသပ်မယ့်အဆင့်ဟာ အဆင့် ၂ စမ်းသပ်မှုဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင်နဲ့ စေတနာ့ဝန်ထမ်း ၁၀၀ ကနေ ၃၀၀ အထိကို စမ်းသပ်မှာ ဖြစ်ပါတယ်။ ဆေးဝါးရဲ့ ထိရောက်မှု၊ စိတ်ချလုံခြုံရမှုတို့ကို စမ်းသပ်စစ်ဆေးမှာပါ။
ဆေးဝါးအသစ်တွေရဲ့ အစွမ်းဟာ အမှန်တကယ်ထိရောက်မှု ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဒီအဆင့်မှာ အဖြေပေးနိုင်တဲ့ အဆင့်လည်း ဖြစ်ပါတယ်။
အမေရိကန်မှာ စမ်းသပ်မယ့် တရုတ်ဆေးသုတေသနကုမ္ပဏီ Frontier Biotech ကထုတ်လုပ်တဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆေးဝါးကို တရုတ်အစိုးရက အခုနှစ် ဇူလိုင်လက စတင်အသုံးပြုခွင့် ပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။
အခုထုတ်လုပ်လိုက်တဲ့ ဆေးဝါးသစ်ကြောင့် တရုတ်အနေနဲ့ လက်ရှိအသုံးပြုနေတဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆေးဝါးတွေကို ပြည်ပကနေ တင်သွင်းနေရမှုကို လျော့ချနိုင်တော့မှာ ဖြစ်ပါတယ်။
လက်ရှိ သောက်သုံးနေရတဲ့ အိတ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး ဆေးတွေဟာ သောက်ဆေးဖြစ်ပြီး နေ့စဉ်သောက်သုံးရတဲ့ဆေးတွေ ဖြစ်ပါတယ်။
တရုတ်က အခုထုတ်လုပ်လိုက်တဲ့ ဆေးဟာ ထိုးဆေးဖြစ်ပြီး တပတ်ကို တကြိမ်သာ ထိုးနှံပေးရမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် စက်တင်ဘာလထိ ရရှိထားတဲ့ စာရင်းတွေအရ တရုတ်နိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် ၇၄၇,၀၀၀ ရှိပြီး တကမ္ဘာလုံး အရေအတွက်အားဖြင့် ၃၆ ဒသမ ၇ သန်း ရှိပါတယ်။

DVB

0 comments:

Post a Comment