Tuesday, August 28, 2018

ကာချုပ်ဖေ့စ်ဘွတ်ခ် ပိတ်ခံရမှု လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ အရေးကြီး အဆိုတင်မည်


ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်နဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ၅၀ ကျော်ကို ဖေ့စ်ဘွတ်ခ် ကုမ္ပဏီက ပိတ်သိမ်းလိုက်တဲ့အပေါ် လွှတ်တော်မှာ အရေးကြီး အဆိုတင်သွင်းဖို့ ကြံ့ခိုင်ရေးပါတီက စီစဉ်နေပါတယ်။

ကာကွယ်ရေးဦးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာအပါအဝင် တပ်မတော်နဲ့ ပတ်သက်တဲ့ စာမျက်နှာ ၅၂ ခုကို တရားဝင် ပိတ်သိမ်းလိုက်ပြီလို့ ဖေ့စ်ဘွတ်ခ် ကနေ သြဂုတ် ၂၇ ရက်က တရားဝင် ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းဖို့ စီစဉ်နေတယ်လို့ ဒီဗွီဘီသတင်းဌာနကို ပြောပါတယ်။
“တပ်နဲ့ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ် အကောင့်တွေကို ပိတ်တဲ့ကိစ္စက လက်ခံဖွယ်မရှိဘူး။ ဒီအတွက် လွှတ်တော်မှာ အရေးကြီးအဆို တင်ဖို့လုပ်နေတယ်။ စောစောက ရေးနေတာ အဲအတွက်ရေးနေတာ။ အချိန် ၂ ရက် ၃ ရက်လောက်ယူပြီး ရေးနေတယ်။ သတင်းမှာပါတာပဲ ကိုးကားလို့ မလုံလောက်ဘူးလေ။ ဖေ့စ်ဘွတ်ခ်ရဲ့ တရားဝင် ကြေညာတာတွေကို လေ့လာနေတယ်”
တပ်မတော်နဲ့ ပတ်သက်တဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေ ပိတ်သိမ်းမှုအပေါ် အစိုးရ အဖွဲ့အနေနဲ့ ဖေ့စ်ဘွတ်ခ်အဖွဲ့နဲ့ ဆွေးနွေးနေတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့  ဖေ့စ်ဘွတ်ခ်အနေနဲ့ တဖက်သတ် သတင်းစကားတွေအပေါ်မူတည် ဆုံးဖြတ်တယ်လို့ ယူဆကြပြီး အစိုးရအနေနဲ့ တပ်မတော်ဘက်ကနေ ရပ်တည်ဖြေရှင်းပေးဖို့ လိုတယ်လို့ မှတ်ချက်ပြုကြပါတယ်။

DVB

0 comments:

Post a Comment