Sunday, August 26, 2018

NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီစည်းကမ်းဖြင့် အရေးယူမည်

NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို ပါတီစည်းကမ်းနှင့် အညီအရေးယူရန် ဩဂုတ်လ ၂၅ ရက်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း ဗဟိုကော်မတီဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
ပြည်သူလူထုနှင့် လွှတ်တော်ကိုယ်စားလှယ်များကြား သံသယစိတ်ဖြင့် အလန့်တကြားဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့် ယင်းလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး၏ နာမည်အပါအဝင် မည်သည့်လွှတ်တော်၌ တာဝန်ထမ်းဆောင်နေသည်ဆိုသော အချက်အလက်ကို ထုတ်ဖော်ပြော၍မရကြောင်း ပါတီ CEC အဖွဲ့ဝင်လည်းဖြစ် တိုင်ကြားစာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ရှင်းပြသည်။

အဆိုပါလွှတ်တော်ကိုယ်စားလှယ် နှစ်ဦးသည် ကိုယ်စားလှယ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် လျော်ညီသည့်နေထိုင်မှုမရှိခြင်း၊ ပြည်သူလုထုနှင့် ဆက်ဆံရာတွင် ပြေပြစ်မှုမရှိခြင်းအပါအဝင် ပါတီ၏အလုပ်အမှုဆောင်အဖွဲ့များနှင့် ဆက်ဆံမှု၌ ကိုယ်စားလှယ်များလိုက်နာရန် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာမှုမရှိခြင်းစသော အချက်အလက်များဖြင့် ငြိစွန်းခဲ့ခြင်းကြောင့် ပါတီစည်းကမ်းအရ အရေးယူခြင်းဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်က ရှင်းပြသည်။

လက်ရှိတွင် မှတ်တမ်းမှတ်ရာ အချက်အလက်များကို အတိအကျ လုပ်ဆောင်ထားပြီး ပါတီဗဟိုကော်မတီမှ စာထုတ်၍ ကိုယ်စားလှယ်နှစ်ဦးထံ ပေးပို့မည်ဖြစ်ပြီး သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာလည်း ပါတီစည်းကမ်းဖြင့် အရေးယူခံရမည်ကို သိရှိထားပြီဖြစ်ကြောင်း ဗဟို ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနှင့် လွှတ်တော်ကိုယ်စားလှယ် ၉၀၀ ခန့်ရှိသည့်အနက် ကိုယ်စားလှယ် ၃၀၀ ကျော် တိုင်ကြားခံထားရကြောင်း ၎င်းက ဇွန်လက ပြောကြားထားသည်။

The Voice

0 comments:

Post a Comment