Wednesday, August 29, 2018

ဆွာတမံကျိုးပေါက်၍ ရန်ကုန် - မန္တလေး အဝေးပြေးယာဉ်လိုင်းနှင့် ရထားခရီးစဉ်များ ၈ နာရီခန့်ပိတ်၊ ကားလက်မှတ်များ ပြန်အမ်း


ပဲခူးတိုင်းဒေသကြီး ဆွာရေလှောင်တမံအတွင်းပိုင်း ပြိုကျခြင်းကြောင့် ရန်ကုန်-မန္တလေးကားလမ်းနှင့် ရထားလမ်းရေကျော်နေသဖြင့် ရန်ကုန်-မန္တလေး အသွားအပြန်အဝေးပြေးယာဉ်လိုင်းများနှင့် ရထားများ ဩဂုတ်လ ၂၉ ရက်က ယာယီရပ်နားခဲ့ကြောင်း အဆိုပါ ဌာနများထံမှ သိရသည်။
ဩဂုတ်လ ၂၉ ရက် နံနက် ၅ နာရီခန့်က ဆွာချောင်းတမံအတွင်းပိုင်း ပြိုကျကာ ရေလျှံမှုကြောင့် ရန်ကုန်-မန္တလေးလမ်းရှိ သာဂရလမ်းပိုင်း မိုင်တိုင် ၁၆၁ မှ ၁၈၅ အထိ ကားလမ်းရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဆွာဘူတာနှင့် ကုန်းကြီးဘူတာကြားတွင် ရထားသံလမ်းရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေးအဝေးပြေးယာဉ်လိုင်းနှင့် ရထားခရီးစဉ်

“အခုလက်ရှိ အခြေအနေက လမ်းဟောင်းရော၊ လမ်းသစ်ရော ဘယ်လိုမှ သွားလို့မရတော့ပါဘူး။ အဝေးပြေးယာဉ်လိုင်းအနေနဲ့ လက်မှတ်ကြိုဝယ်ထားသူတွေကို ငွေပြန်ပေးတယ်” ဟု (အောင်မင်္ဂလာ အဝေးပြေး) ကုန်းလမ်းခရီးသည်သယ်ယူပို့ဆောင်ရေးအသင်း အတွင်းရေးမှူး ဦးစိုးသိန်းက ဆိုသည်။

လက်ရှိတွင် အချို့ခရီးစဉ်များကို ပြည်လမ်းမှ ပို့ဆောင်ပေးနိုင်ပြီး အရေးပေါ်သွားလိုသည့် ခရီးသည်များ သွားလိုပါက ပို့ဆောင်ပေးမည်ဖြစ်ပြီး ပြေးဆွဲချိန်အနေနှင့် ယခင် ၁၀ နာရီကြာလျှင် အဆိုပါလမ်းမှ သွားပါက နာရီ ၂၀ ခန့် ကြန့်ကြာမှုများရှိမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဆွာရေလှောင်တမံ ရေလျှံခဲ့ရာ ရန်ကုန်-မန္တလေး လမ်းပိုင်း ကုန်းကြီးဘူတာနှင့် ဆွာဘူတာကြား၌ ရထားလမ်းပေါ်သို့ ရေကျော်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉၀/ ၁၈-၂၄ ကြားတွင် တာဘောင်ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရန်ကုန်-မန္တလေးရထားများနှင့် ပုဂံရထားပြေးဆွဲမှု ယာယီရပ်နားကာ ရထားလမ်းပိုင်း ပိတ်ထားခဲ့ကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇၊ သွားလာပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သံလမ်းတွေ ရေတိုက်စားသွားတာတွေ ရှိတယ်။ ပြန်ပြင်ရဦးမယ်။ ရေကတော့ ပြန်ကျနေပါပြီ”ဟု ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်ဘူတာကြီးမှ မန္တလေးကို ထွက်ခွာမည့် အမှတ် ၅ အဆန် အမြန်ရထားနှင့် အမှတ် ၃ အဆန် အမြန်ရထား၊ နေပြည်တော်သို့ ထွက်ခွာမည့် အမှတ် ၇ အဆန်အမြန်ရထားများကို ယာယီရပ်နားခဲ့ပြီး ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရသဖြင့် လက်မှတ်ဝယ်ထားသော ခရီးသည်များကို လက်မှတ်ခငွေများ ပြန်အမ်းပေးလျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

အလားတူ မန္တလေးမှ ထွက်ခွာမည့် အမှတ် ၆ အစုန်၊ အမှတ် ၄ အစုန်အမြန်ရထားများနှင့် နေပြည်တော်မှ ထွက်ခွာမည့် အမှတ် ၈ အစုန်အမြန်ရထား၊ သာစည်မှထွက်ခွာမည့် အမှတ် ၁၀ အစုန်ရထားများကိုလည်း ရပ်နားထားမည် ဖြစ်သည်။

ထို့အပြင် ရန်ကုန်-ပုဂံလမ်းပိုင်း လှေဝန်း-ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂၀ ကြား မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် သဲမြေများ ဖုံးလွှမ်းသွားသဖြင့် လမ်းပိတ်လိုက်ရပြီး အမှတ် ၆၁ အဆန်၊ ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ် ၆၂ အစုန် ပုဂံ-ရန်ကုန်အမြန်ရထားကို ရပ်နားခဲ့ကာ လက်မှတ်ခငွေများ ပြန်အမ်းပေးလျက်ရှိသည်။

မြန်မာ့မီးရထားအနေနှင့် ရထားလမ်းအမြန် ပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ရထားပြန်လည်ပြေးဆွဲနိုင်မည့် အခြေအနေကို ခရီးသွားပြည်သူများထံ အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာမည်ဖြစ်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေး-ရန်ကုန်အဝေးပြေးခရီးစဉ် 

ပဲခူးတိုင်း ဆွာမြို့နယ်ရှိ ဆွာချောင်းရေလှောင် တမံကျိုးပေါက်နေမှုကြောင့် မန္တလေး - ရန်ကုန် အဝေပြေးခရီးသည်တင်ယာဉ်လိုင်းအားလုံး ဩဂုတ်လ ၂၉ ရက်က ရပ်နားထားပြီး လက်မှတ်ဝယ်ယူထားသူများကိုလည်း လက်မှတ်ခများ ပြန်အမ်းပေနေကြောင်း မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားဝင်းအတွင်းရှိ ယာဉ်လိုင်းအချို့ထံမှ စုံစမ်းသိရှိရသည်။

ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲမြောင်းနံရံ ပြိုကျခဲ့ရာ မန္တလေးမှ ရန်ကုန်သို့ သွားရာလမ်းများ ရေကျော်နေသည့်အတွက် ခရီးစဉ်ပြေးဆွဲမှုရပ်နားထားရန် ယာဉ်လိုင်အားလုံးကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်း ယာဉ်ကြီးကြပ်ရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

“ခရီးသည်တွေ လမ်းခရီးမှာ ဒုက္ခရောက်မှာစိုးလို့ တားလိုက်ရတာ။ သဘာဝဘေးဆိုတော့ ဘယ်နေ့မှာ ပြန်ဖွင့်မယ်ဆိုတာ မပြောနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

မန္တလေးမှ ရန်ကုန်သို့သွားမည့် ခရီးစဉ်များကို ယာယီရပ်ဆိုင်းထားရန် မန္တလေးတိုင်း ယာဉ်ကြီးကြပ်ရေးကော်မတီ (အဝေးပြေး) က ကားဂိတ်များကို ဩဂုတ်လ ၂၉ ရက်နံနက်ပိုင်းတွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ 

ခရီးစဉ်ပြန်လည်ဖွင့်လှစ်ပေးနိုင်မည့် နေ့ရက်နှင့် အချိန်ကို မသိနိုင်သောကြောင့် ဝယ်ယူထားသည့် ကားလက်မှတ်တန်ဖိုးအတိုင်း ပြန်ပေးနေရကြောင်း JJ Express (ယာဉ်လိုင်းအသင်း-မန္တလေး) တာဝန်ခံ ဦးစိုးလှိုင်က ပြောကြားသည်။

“ခရီးစဉ်အတွက် ရက်ချိန်းပြန်လဲပေးတာမရှိဘူး။ ပိုက်ဆံပဲပြန်အမ်းပေးလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ယာဘက်အခြမ်း သည် ဩဂုတ်လ ၂၉ ရက် နံနက် ၆ နာရီခန့်က ပြိုကျခဲ့ရာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးနှင့် လမ်းဟောင်းတို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကာ ဆွာချောင်းတံတားတိုင်လည်း တစ်ပေခွဲခန့် နိမ့်ကျသွားခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

MNA လေကြောင်းလိုင်း လေယာဉ်ခရီးစဉ် တိုးချဲ့ပြေးဆွဲ 

ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲမြောင်း ကျိုးပေါက်မှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်း ပိတ်ဆို့မှုများ ဖြစ်နေသဖြင့် ခရီးသည်များ အဆင်ပြေစေရန် ရန်ကုန်-မန္တလေး-နေပြည်တော်ခရီးစဉ်ကို ဩဂုတ်လ ၂၉၊ ၃၀ရက်တွင် လေယာဉ်စင်းရေ တိုးချဲ့ပြေးဆွဲကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ထံမှ သိရသည်။

“ဒီနေ့က Boeing လေယာဉ် တစ်စင်းတိုးတယ်။ မနက်ဖြန် ၇၂ လေယာဉ်တစ်စင်း ထပ်တိုးပြေးပေးမှာပါ။ ခရီးသည်တွေက ဒီနေ့အတွက် ထိုင်ခုံ ၁၆၀ ရှိတာကို ၂၀ စာပဲ ကျန်တော့တယ်” ဟု မြန်မာ အမျိုးသားလေကြောင်းလိုင်း MNA (မန္တလေးရုံး) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခင်က ရန်ကုန်-မန္တလေး-နေပြည်တော် ခရီးစဉ်များကို ATR 72 လေယာဉ်တစ်စင်းဖြင့် ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိရာ လက်ရှိ ခရီးသည်များ သွားလာမှုအဆင်ပြေစေရန် Boeing 737-800 လေယာဉ်နှင့် ATR 72  လေယာဉ်တို့ ထပ်တိုးပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ဩဂုတ်လ ၂၉ ရက်တွင် တိုးချဲ့ပြေးဆွဲမည့် ရန်ကုန် - နေပြည်တော်ခရီးစဉ်နှင့် ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ည ၇ နာရီခွဲတွင် ထွက်ခွာပြီး အပြန်အတွက် နေပြည်တော် - ရန်ကုန်နှင့် မန္တလေး - ရန်ကုန် ခရီးစဉ်မှာ ည ၈ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ရန်ကုန်-မန္တလေး-နေပြည်တော်ခရီးစဉ် အနေနှင့် ဗြ လေကြောင်းလိုင်းတစ်ခုသာ လက်ရှိ စင်းရေတိုးချဲ့ပြေးဆွဲပြီး အခြားပြည်တွင်းလေကြောင်း များအနေနှင့် ခရီးစဉ်အကြိမ်ရေ တိုးချဲ့ပြေးဆွဲပေးခြင်း ကို လက်ရှိ မကြားသိရသေးကြောင်း လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည် မြို့နယ်ရှိ ဆွာချောင်း ရေလှောင်တမံ လက်တက် မြောင်းနံရံသည် ဩဂုတ်လ ၂၉ ရက် နံနက် ၆ နာရီ ခန့်တွင် ပြိုကျခဲ့ပြီး အမြန်လမ်းမကြီး၊ လမ်းဟောင်း တို့တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ယင်းလမ်းပေါ်ရှိ ဆွာချောင်းတံတားသည် တစ်ပေခွဲခန့် နိမ့်ကျခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းညနေပိုင်းအခြေအနေ 

ဩဂုတ် ၂၉ ရက်၊ နံနက် ၇ နာရီခန့်မှ မွန်းလွဲပိုင်းအထိ ရန်ကုန်-မန္တလေးကားလမ်းပိုင်း ယာယီပိတ်ခဲ့သော်လည်း အမြန်လမ်း ၁၆၅ မိုင်လမ်းပိုင်းကို ပြန်ဖွင့်ပေးခဲ့ကာ သွားလာရေးလွယ်ကူစေရန် လမ်းပိုင်းအချို့ ပြန်လည်ပြုပြင်လျက်ရှိသည်။

ခရီးသည်တင်ကားများ ပြန်လည်ဖြတ်သန်းခွင့်ပြုမည့်အကြောင်းကို လမ်း၊ တံတားဌာနက မွန်းလွဲ ၂ နာရီတွင် ပြန်လည်အကြောင်းကြားခဲ့ပြီး ကားအတွင်းပိုင်း၌ ကုန်ပစ္စည်းများကို တင်ဆောင်ခွင့်မပြုကြောင်း၊ ခရီးလမ်းပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ကြီးကြပ်ရေး ကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌ ဦးအောင်ကျော်လင်းက ပြောကြားသည်။

“ခရီးသည်တင်ကားတွေ သွားလို့ရပါပြီ။ ခရီးသွားတွေ နှောင့်နှေးမှုမရှိအောင်တော့ လုပ်ဆောင်နေတယ်” ဟု ၎င်းက ဆိုသည်။ 

နံနက်ပိုင်းတွင် ခရီးသည်များကို ယာဉ်လက်မှတ်ခတန်ဖိုးများ ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်သောကြောင့် ယာဉ်လိုင်းများအနေနှင့် ကားအစီးရေအနည်းငယ်သာ ထွက်ခွာသွားမည်ဖြစ်ကြောင်း JJ Express (ယာဉ်လိုင်း အသင်း-မန္တလေး) တာဝန်ခံ ဦးစိုးလှိုင်က ပြောကြားသည်။

The Voice

0 comments:

Post a Comment